DVB Logo
Home
မြန်မာသတင်း
ဆီထွက်သီးနှံ မြေပဲနှင့် နှမ်း ပြည်ပတင်ပို့မှု ယာယီရပ်ဆိုင်း၊ မြေပဲဈေးကျ
DVB
·
May 10, 2022
ဆီထွက်သီးနှံ မြေပဲနှင့် နှမ်း ပြည်ပတင်ပို့မှု ယာယီရပ်ဆိုင်း၊ မြေပဲဈေးကျ
Donate to DVB

ဆီထွက်သီးနှံတွေထဲက (နှမ်းနှက်) ကလွဲပြီး  မြေပဲနဲ့ နှမ်း တင်ပို့မှုကို  မေ ၉ ရက်က စပြီး ခေတ္တဆိုင်း ငံ့မယ်ဆိုတဲ့ စီးပွားကူးသန်းဌာနက မြဝတီကုန်သွယ်ရေးဇုန်ထံပေးပို့တဲ့  ညွှန်ကြားချက်  မေလ ၉ ရက်က ထွက်ပေါ်လာပါတယ်။

အဲဒီညွှန်ကြားချက် ထွက်ပေါ်လာပြီးနောက် မြေပဲလုံးဆံ စျေးနှုန်းတွေ အမျိုးအစားအလိုက် ကျပ် ၂၀၀ ကနေ ၃၀၀ ကြား စျေးကျဆင်းခဲ့ပြီး  အရောင်းအ၀ယ်စျေးကွက်လည်း ရုတ်တရတ် တုံ့ဆိုင်းသွားတယ်လို့ စျေးကွက်အတွင်းက သိရပါတယ်။

ဆီစက်လုပ်ငန်းရှင်တဦးက “တင်ပို့တာ ပိတ်မယ်ကြားတော့  စျေးကွက်မှာ အ၀ယ်ရပ်သွားတယ်။ ဆီစက်တွေက အကျကို စောင့်ပြီးတော့ အ၀ယ်တွေ ရပ်သွားကြတာ။  ပိတ်ရင်တော့ စျေးက ကျမှာပဲ” လို့ မှတ်ချက်ပြုပါတယ်။

ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲနဲ့ နှမ်းမျိုးစုံကို အိမ်နီးချင်း တရုတ်နဲ့ ထိုင်းနိုင်ငံတို့ကို နယ်စပ်ကနေ အဓိက တင်ပို့ရောင်းချနေတာဖြစ်သလို ပြည်တွင်းမှာရှိတဲ့ ဆီစက်လုပ်ငန်းတွေကလည်း ဆီကြိတ်ခွဲဖို့ ၀ယ်ယူနေကြတာပါ။ 

အခုလို ဆီထွက်သီးနှံ ကုန်ကြမ်းတင်ပို့မှု ယာယီကန့်သတ်လိုက်တာဟာ ပြည်တွင်းစားသုံးမှုအတွက် စားအုန်းဆီ လုံလောက်အောင် မတင်သွင်းနိုင်တာကြောင့် ဖြစ်တယ်လို့ ကုန်သည် လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“အဓိက စားအုန်းဆီကို လုံလောက်အောင် မတင်သွင်းနိုင်လို့ ဆီထွက်ကုန်ကြမ်းကို ပိတ်တာ။   ဆီစက်တွေတော့ အလုပ်ဖြစ်မှာပေါ့။ စျေးကတော့ ကျသွားနိုင်တယ်” လို့ ကုန်သည်လုပ်ငန်းရှင် တဦးက ပြောပါတယ်။ 

ကမ္ဘာ့ထိပ်တန်း စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ အင်ဒိုနီးရှားနိုင်ငံက ဧပြီ ၂၈ ရက်က စတင်ပြီး တင်ပို့မှုကို ကန့်သတ်လိုက်တဲ့နောက် အဲဒီနိုင်ငံကနေ အဓိက၀ယ်ယူတင်သွင်းနေတဲ့ မြန်မာနိုင်ငံအပေါ် ရိုက်ခတ်မှုရှိလာပြီး ပြည်တွင်းမှာ စားအုန်းဆီအပါအ၀င် စားဆီစျေးနှုန်းတွေ  မြင့်တက်လာခဲ့ပါတယ်။ 

အလားတူ ဆီထွက်ကုန်ကြမ်းတွေဖြစ်တဲ့ မြေပဲဆံနဲ့ နှမ်းဆံစျေးနှုန်းတွေပါ မြင့်တက်လာခဲ့တာပါ။ 

မန္တလေးဈေးကွက်မှာ လက်တလောဈေးနှုန်းအနေနဲ့ မြေပဲလုံးဆံ(နီ) တပိဿာကို ၃၅၀၀−၃၆၀၀ ကျပ်၊ S1 လုံးဆံ တပိဿာကို ၃၆၀၀−၃၈၀၀ကျပ်၊ အနီဆီဆံ တပိဿာကို ၃၂၀၀− ၃၃၅၀ကျပ် စျေးရှိပါတယ်။ နှမ်း အရောင်းအ၀ယ် စျေးနှုန်းတွေကိုတော့ ဒီနေ့ မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာ  စျေးဖွင့်ထားခြင်း မရှိပါဘူး။

မန္တလေးဈေးကွက်မှာ ပဲဆီတပိဿာကို ၈၀၀၀−၈၅၀၀ကျပ်၊ နှမ်းဆီ တပိဿာကို  ၇၅၀၀−၈၀၀၀ ကျပ် နဲ့ အရောင်းအ၀ယ် ပြုလုပ်ကြပါတယ်။ 

စားသုံးဆီ တင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းစျေးကို တပိဿာ ၆၀၂၅ ကျပ် သတ်မှတ်ပေးထားပေမဲ့ ပြင်ပ စျေးကွက်မှာတော့ တပိဿာကို ကျပ် ၇၀၀၀ ၀န်းကျင်မှာ အရောင်းအ၀ယ် လုပ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013