
ဆီထွက်သီးနှံစိုက်ပျိုးတဲ့ မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းစားသုံးဖို့ ပြည်ပကနေ ဆီတင်သွင်းနေရတာက ရှက်စရာကောင်းတယ်လို့ စစ်အာဏာရှင် မင်းအောင်လှိုင်က ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားမှာ ပြောဆိုခဲ့တာပါ။
ပြည်ပကို နှမ်း၊ မြေပဲစတဲ့ ဆီထွက်သီးနှံတွေ တင်ပို့နေပေမဲ့ တနှစ်ကို စားအုန်းဆီ တင်သွင်းဖို့ အမေရိကန်ဒေါ်လာ သန်း ၆၀၀ မှ ၇၀၀ ကြား သုံးစွဲနေရတာကြောင့် ဆီထွက်သီးနှံတင်ပို့မှုကရတဲ့ ဝင်ငွေဟာ ပြည်ပကနေ စားအုန်းဆီ တင်သွင်းနေရတဲ့ ကုန်ကျစရိတ်ကို မကာမိကြောင်း မင်းအောင်လှိုင်က ပြောပါတယ်။
“ဆီထွက်သီးနှံ စိုက်ပျိုးတဲ့ နိုင်ငံတခုက ပြည်ပကနေ ဆီသွင်းရတယ်ဆိုတာ တော်တော် ရှက်ဖို့လည်း ကောင်းပါတယ်။ တိုင်းပြည်သိက္ခာလည်း ကျတယ်။ ဒါကြောင့် လယ်/ဆည် ဝန်ကြီးဌာနကို၊ တိုင်းဝန်ကြီးချုပ်တွေကို ကျနော် ပြောတယ်။ တိုင်းပြည်သိက္ခာကျတယ်၊ ဒါကို တိုးတက်အောင် လုပ်ပါဆိုပြီး ကျနော် အကြံဉာဏ်ပေးပါတယ်။”
၂၀၂၁ ခုနှစ်က FAO၊ LIFT Fund၊ ASEAN နဲ့ IFPRI တို့ ပူးပေါင်းကောက်ယူခဲ့တဲ့ စစ်တမ်းကို ကိုးကားပြီး အိမ်ထောင်စုတစုဟာ လစဉ်ဝင်ငွေ ၆၃ ရာခိုင်နှုန်းကို အစားအသောက်အတွက် သုံးစွဲနေရပြီး အဲဒီအထဲမှာ ဆန်နဲ့ ဆီ ကုန်ကျစရိတ်က အများဆုံးဖြစ်ကြောင်း စစ်အာဏာရှင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ကုန်ဈေးနှုန်းကြီးမြင့်ရတာနဲ့ ပတ်သက်ပြီးလည်း စစ်အာဏာရှင် မင်းအောင်လှိုင်က “စရိတ်စကတွေများတာ ဂိတ်တွေများတာကြောင့်။ ပွင့်ပွင့်လင်းလင်း ပြောရရင်။ ဟိုဂိတ် ဒီဂိတ်တွေ တိုင်းတွေမှာ၊ ပြည်နယ်တွေမှာ ဖွင့်ထားကြတာ။ ဒီဂိတ်တွေကနေ ကုန်ကျစရိတ်တွေ တက်တာရှိတယ်။ ဆိုတော့ ကျနော်တို့မှာ တရားမဝင်တဲ့ ကုန်ကျစရိတ်တွေ ကုန်နေရတဲ့အတွက်ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်တာကိုလည်း သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ခင်ဗျားတို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဒါတွေ ထိန်းသိမ်းကြဖို့ လိုမယ်လို့ ပြောလိုပါတယ်”လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။
ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနဲ့ လယ်ယာကဏ္ဍကို မြှင့်တင်ဖို့ စစ်အာဏာရှင်က ပြောဆိုနေပေမဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေအရ မြန်မာနိုင်ငံရဲ့ စားရေရိက္ခာဖူလုံမှုနဲ့ စီးပွားရေး အခြေအနေက ဆိုးရွားစွာ ကျဆင်းနေပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာတွေအရ မြန်မာငွေကြေးတန်ဖိုး ထိုးကျမှုနဲ့ စံချိန်တင် ငွေကြေးဖောင်းပွမှုတို့ကြောင့် ပြည်ပကနေ တင်သွင်းရတဲ့ စားအုန်းဆီ၊ စက်သုံးဆီနဲ့ လယ်ယာသုံး သွင်းအားစုစရိတ်များ အဆမတန် မြင့်တက်နေကြောင်း ဖော်ပြထားပါတယ်။











