DVB Logo
Home
မြန်မာသတင်း
ဖလမ်းမြို့နယ်၌ မေလပထမပတ်ဖြစ်ခဲ့သည့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၂၆ ဦးနှင့် CDF က ၉ ဦး ကျဆုံး
DVB
·
May 10, 2022
ဖလမ်းမြို့နယ်၌ မေလပထမပတ်ဖြစ်ခဲ့သည့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၂၆ ဦးနှင့် CDF က ၉ ဦး ကျဆုံး
1 / 2
Donate to DVB

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ မေလ ပထမအပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၂၆ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ ချင်းကာကွယ်ရေးတပ် CDF ဘက်က ၉ ယောက် ကျဆုံးခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF က မေလ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဖလမ်းမြို့ကနေ ဟားခါးမြို့ဘက်ကို မေ ၂ ရက်နေ့က ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၁၇၀ လောက်ပါတဲ့ သံချပ်ကာ ကား ၂ စီးနဲ့ စစ်ကောင်စီယာဥ်တန်း အစီး ၂၀ ကျော်ကို မေလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်တိုင် ၂၀ နဲ့ ၂၆ တွေမှာ ချုံခိုတိုက်ခိုက်တာတွေ၊ မိုင်းဆွဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၈ ယောက် သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ CNDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က သူရဲကောင်း ၈ ယောက် တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူလိုက်ရတယ်လို့ ဆိုပါတယ်။

အဲဒီရက်တွေမှာပဲ စစ်ကောင်စီတပ်သားတွေဟာ ရမ်ထလိုကျေးရွာက ပြည်သူတွေရဲ့ နေအိမ် ၁၀ လုံးနဲ့ တလန်ဇာ ကျေးရွာက နေအိမ် ၁၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့  ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဖလမ်း-ဟားခါးလမ်း ၁၆ မိုင်အကျော်မှာလည်း မေ ၆ ရက်နေ့က စစ်ကောင်စီယာဥ်တန်းကို CNDF က မိုင်းပဒေသာဆွဲပြီးတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၈ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၂၆ ယောက်သေဆုံးတယ်လို့ CNDF ရဲ ပြန်ကြားရေးတာဝန်ခံက ပြောဆိုထားပေမယ့် ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်တွေဟာ အနောက်မြောက် စစ်ဒေသဖြစ်တဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေကို ထိန်းချုပ်ဖို့ ခက်ခဲလာတာကြောင့် စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာတွေပြုလုပ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာကြောင့် လူဦးရေ ၃ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ United Nations OCHA Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နှစ်ဘက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013