DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီယာဉ်တန်းကို KNDF က တိုက်ခိုက်၊ ၂၅ ဦး​ထက်မနည်းသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ
DVB
·
May 8, 2022
စစ်ကောင်စီယာဉ်တန်းကို KNDF က တိုက်ခိုက်၊ ၂၅ ဦး​ထက်မနည်းသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ
Donate to DVB

ကရင်နီပြည်မှာ မေ ၇ ရက် မနေ့က  ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ၂၅ ယောက်ထက်မနည်း သေဆုံးပြီး ၂ ယောက်ကိုတော့ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

ဘော်လခဲမြို့က ထွက်လာတဲ့ စစ်ကောင်စီစစ်ကားအစီးရေ ၂၀ ကျော်ပါတဲ့ ယာဉ်တန်းကို လောကျေခူ ကျေးရွာအရောက် ဒီနေ့ မနက် ၈ နာရီခွဲလောက်မှာ ကရင်နီပြည် အမျိုးသားကာကွယ်ရေးတပ်တွေဖြစ်ကြတဲ့ KNDF B-04၊ KNDF B-15 နဲ့ KA တို့ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ကြကာ တိုက်ပွဲမှာ နှစ်နာရီနီးပါး ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီကား ၄ စီး မီးရှို့ဖျက်စီးနိုင်ခဲ့ပြီး အဲဒီကား ၄ စီးပေါ်ပါလာတဲ့ စစ်ကောင်စီအင်အား ၁၅ ယောက်လုံး အကုန်သေဆုံးသွားခဲ့ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

တဆက်တည်းမှာပဲ မနက် ၁၁ နာရီကျော်လောက်မှာ တိုက်ပွဲဖြစ်ပွားရာ‌နေရာဆီ စစ်ကူဖို့ ရောက်လာတဲ့ စစ်အုပ်စုနဲ့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ကာ ၂ ယောက်ကို အရှင်ဖမ်းမိခဲ့တာပါ။

ကရင်နီပြည် အမျိုးသားကာကွယ်ရေးတပ်တွေဘက်ကတော့ ရဲဘော် ၁ ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရရရှိခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆီးရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မေ ၇ ရက်နေ့ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ တနှစ်ကျော်ကာလအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး ပြည်သူ့ခုခံတွန်းလှန်စစ် ၁၁ လတာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၂၈၀ ထိ ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

NUG အစိုးရ တည်ထောင်ပြီး ၁ နှစ်တာကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီးဖြစ်ကာ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ ၄၀၀ ကျော်နဲ့လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

လတ်တလောကာလမှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ တနေ့တခြား အင်အားနည်းပါးလာပြီ ဖြစ်တာမို့ အခု ၂၀၂၂ ခုနှစ်အတွင်း တော်လှန်ရေးရဲ့ ကြီးမားတဲ့ အချိုးအကွေ့ အောင်မြင်မှုတခုကို မလွဲမသွေ ရောက်ရှိလာတော့မယ်လို့လည်း (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013