
ပဲခူးတိုင်း၊ ပေါင်းတည်မြို့မှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူ တဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုစောနိုင်ရဲ့ နေအိမ်ကို ဧပြီ ၂၉ ရက်မှာ စစ်ကောင်စီတပ်သားတွေက ချိတ်ပိတ်သွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ကိုစောနိုင်က ပေါင်းတည်မြို့ မင်းကွက်(၂)ရပ်ကွက်၊ အနောက်လမ်းမှာနေထိုင်ပြီး သူ့ကို အကြိမ်ကြိမ်လာဖမ်းချိန် ဖမ်းမမိတာကြောင့် ပေါင်းတည်မြို့မစခန်းမှူးက တရားလို လုပ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့် တရားစွဲဆိုထားပြီးနောက် ပေါင်းတည်မြို့နယ်တရားရုံးက တရားခံပြေး ကြေညာထားတယ်လို့ သိရပါတယ်။
မင်းကွက်(၂)ရပ်ကွက်နေ ဒေသခံတဦးက “အဲ့ဒီအိမ်မှာက အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ သူ့ (ကိုစောနိုင်) အဖေ နဲ့အမေတို့ အရင်ကတော့ နေတာ။ သူ့အဖေက အသက် ၈၅ နှစ်နဲ့ မိခင်ဖြစ်သူမှာ ၇၅ နှစ်တွေ၊ အခုရက်ပိုင်းမှာ သူတို့လည်း သတင်းရတော့ ရှောင်ပေးလိုက်တာ။ စစ်ကောင်စီတပ်သားတွေ လာတော့ အိမ်မှာတော့ မရှိကြပါဘူး။ အိမ်မှာခတ်ထားတဲ့သော့တွေကို ရိုက်ချိုးပြီး သူတို့မှာပါလာတဲ့သော့နဲ့ ခတ်သွားတဲ့အပြင် စာပါကပ်သွားတာ”လို့ ပြောပါတယ်။
ကိုစောနိုင်နဲ့ ပတ်သက်တဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို ဝရမ်းကပ်ချိတ်ပိတ်သိမ်းဆီးပြီး မတ် ၂၉ ရက်နောက်ဆုံးထား တရားရုံးတော်ကို တင်သွင်းဖို့ အမိန့်ထုတ်ဆင့်လိုက်တာကြောင့် ဧပြီ ၂၉ ရက်မှာ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေ၊ တရားရုံးဝန်ထမ်းတွေနဲ့အတူ ချိတ်ပိတ်သွားတာလို့ ပေါင်းတည်မြို့နယ်တရားရုံး ဝန်ထမ်းတယောက်ထံက သိရပါတယ်။
ကိုစောနိုင်ဟာ ၁၉၈၈ ခုနှစ်က ဆယ်တန်းကျောင်းသားဘဝကထဲက တပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း အဖမ်းခံရကာ ပြည်အကျဉ်းထောင်မှာ ၂ နှစ်နီးပါးနေခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ် ကျောင်းသားသပိတ်လှုပ်ရှားမှုမှာလည်း ပါဝင်ခဲ့တာကြောင့် သာယာ၀တီထောင်မှာ ၁ နှစ် စုစုပေါင်း ထောင် ၂ ကြိမ်ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပါတယ်။