DVB Logo
Home
မြန်မာသတင်း
မြဝတီကာစီနိုရုံတွင် ထိုင်းအမျိုးသမီး ၃၀၀ ခန့် ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခံနေရဟုဆို
DVB
·
April 29, 2022
မြဝတီကာစီနိုရုံတွင် ထိုင်းအမျိုးသမီး ၃၀၀ ခန့် ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခံနေရဟုဆို
Donate to DVB

မြန်မာ-ထိုင်းနယ်စပ်၊ မြန်မာနိုင်ငံဘက်ခြမ်း မြဝတီမြို့က ကာစီနိုလောင်းကစားရုံတခုထဲမှာ ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခံနေရတဲ့ ထိုင်းအမျိုးသမီး ၃၀၀ လောက်ရှိနေတယ်လို့ အဲဒီကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ အသက် ၂၅ နှစ်အရွယ် ထိုင်းအမျိုးသမီးက ပြောပါတယ်။

အခြေအနေအရ အမည်မဖော်လိုတဲ့ အဆိုပါ အမျိုးသမီးက သူကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ကို ဧပြီ ၂၈ ရက်မှာ တိုင်ကြားခဲ့ချိန် ခုလိုပြောလိုက်တာပါ။

အခုနှစ်အစောပိုင်းတုန်းက အင်တာနက်နာမည်ကျော်တယောက်က အွန်လိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်တခု ပြုလုပ်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံ နယ်စပ်ဒေသမှာ ပြည်သူ့ဆက်ဆံရေးနဲ့ ဖျော်ဖြေရေးဆိုင်ရာ အလုပ်အကိုင်တွေအတွက် လျှောက်ထားနိုင်ဖို့ အမျိုးသမီးတွေကို ဖိတ်ခေါ်ခဲ့ကြောင်းနဲ့ အဆိုပါအလုပ်တွေဟာ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေနဲ့ မပတ်သက်ကြောင်းလည်း သူက အခိုင်အမာပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသမီးအနေနဲ့ အဲဒီအလုပ်ကို လက်ခံခဲ့ပြီး မြဝတီမြို့က ကာစီနိုရုံကို ရောက်ရှိသွားချိန်မှာတော့ ပြည့်တန်ဆာအဖြစ် မလုပ်ဘူးဆိုရင် ဘတ်ငွေ ၂၅၀၀၀ ပြန်ပေးရမယ်လို့ အဲဒီက ဝန်ထမ်းက ပြောခဲ့တယ်လို့ဆိုပြီး အဲဒီအခြေအနေမှာ ထိုင်းအမျိုးသမီး ၃၀၀ လောက် ကာစီနိုရုံထဲမှာ ပိတ်မိနေကြောင်း အမျိုးသမီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်ညမှာတော့ ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံ၊ မြဝတီဘက်ခြမ်းမှာ ပြည့်တန်ဆာအဖြစ် လူကုန်ကူးခံရပြီး ပိတ်လှောင်ခံနေရတဲ့ ထိုင်းမိန်းကလေး ၂ ယောက်ဟာ သောင်ရင်းမြစ်ကိုလက်ပစ်ကူးပြီး ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို ပြန်ရောက်လာတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အဆိုပါမိန်းကလေးတွေဟာ ထိုင်းနယ်စပ်နဲ့ မီတာ ၄၀၀ အကွာရှိ နေအိမ်တလုံးမှာ အလှောင်ခံနေရတာဖြစ်ပြီး ပြည့်တန်ဆာအဖြစ် အတင်းစေခိုင်းခံရတာကြောင့် ထိုင်းလွှတ်တော်အမတ်ရဲ့ လက်ထောက် နိုင်းဧကဖုပ်ရိုင့်ပရဆစ်ကို လူမှုကွန်ရက်ကနေတဆင့် တိုင်ကြားခဲ့တယ်လို့ဆိုပါတယ်။

နိုင်းဧကဖုပ်လည်း မဲဆောက်ကိုလာရောက်ပြီး ထိုင်းနယ်ခြားစောင့်တပ်ကို အကြောင်းကြားထားရာမှာ မြန်မာစစ်တပ်ကင်းစောင့်အဖွဲ့ ဂျူတီချိန် အလဲအလှယ်လုပ်စဉ် မိန်းကလေး ၂ ယောက်က ထွက်ပြေးလာခဲ့ကြောင်း၊ သောင်ရင်းမြစ်နားရောက်တော့ အနောက်က ဓာတ်မီးတွေနဲ့ ထိုးပြီးလိုက်လာလို့ မြစ်ထဲ ခုန်ချကူးခတ်ခဲ့ကာ ထိုင်းစစ်သားတွေကို လှမ်းအော်ပြီးအကူအညီတောင်းခဲ့ကာ လွတ်မြောက်လာခဲ့တာလို့ သိရပါတယ်။

ဒီကနေ့မနက်မှာတော့ နိုင်းဧကဖုပ်က သူတို့ ၂ ယောက်လုံးကို ဘန်ကောက်ကို ပြန်ခေါ်လာခဲ့ပြီး ကာစီနို လောင်းကစားရုံမှာ ကျန်ရှိနေသေးတဲ့ အမျိုးသမီးတွေကို ကယ်တင်နိုင်ဖို့ ဆက်လက်ပြီးတော့လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013