DVB Logo
Home
မြန်မာသတင်း
မြန်မာနယ်စပ်ကုန်သွယ်လုပ်ငန်းများ တရက်အတွင်း နိုင်ငံခြားငွေလဲရမည့် ကန့်သတ်ချက်မှ ကင်းလွတ်
DVB
·
April 28, 2022
မြန်မာနယ်စပ်ကုန်သွယ်လုပ်ငန်းများ တရက်အတွင်း နိုင်ငံခြားငွေလဲရမည့် ကန့်သတ်ချက်မှ ကင်းလွတ်
Donate to DVB

တရုတ်-မြန်မာ၊ ထိုင်း-မြန်မာနယ်စပ် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေကို နိုင်ငံခြားဝင်ငွေကို  တရက်အတွင်း ကျပ်ငွေနဲ့  လဲလှယ်ရမယ့် သတ်မှတ်ချက်ကနေ ကင်းလွတ်ခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ဧပြီ ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ပြည်တွင်းနေထိုင်သူများရဲ့ ပြည်ပက နိုင်ငံခြားသုံးငွေဖြင့် ရရှိတဲ့ ဝင်ငွေတွေကို ကျပ်ငွေအဖြစ် တရက်အတွင်းရောင်းချပေးရမယ်ဆိုတဲ့ စစ်ကောင်စီ ဗဟိုဘဏ်က သတ်မှတ်ခဲ့ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ သံတမန်တွေကို အဲဒီသတ်မှတ်ချက်ကနေ ကင်းလွတ်ခွင့်ပြုပြီးတဲ့နောက် အခုထပ်မံ ခွင့်ပြုလိုက်တာပါ။

သွင်းကုန်လုပ်ငန်းရှင်များရဲ့ သွင်းကုန်အတွက် ငွေပေးချေရာမှာ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီဆီ တင်ပြခွင့်ပြုချက် ရယူဖို့မလိုဘဲ နိုင်ငံခြားငွေနဲ့ ပေးချေမှုတွေကို Designated Bank တွေကို ဆောင်ရွက်ပေးရမယ်လို့ ညွှန်ကြားထားပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ပို့ကုန်ရငွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနဲ့ စည်းမျဉ်းတို့ပါ ပြဋ္ဌာန်းချက်တွေအတိုင်း နိုင်ငံအတွင်းက ဘဏ်ငွေစာရင်းထံ မပျက်မကွက် ထည့်သွင်းရေး စိစစ်ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

AD လိုင်စင်ရဘဏ်တွေထံ ပို့ကုန်ရငွေတွေ ဝင်ရောက်ပြီးနောက် ပို့ကုန်တင်ပို့သူက အဲဒီရငွေကို ၁ လအတွင်း မိမိကိုယ်တိုင် သုံးစွဲခြင်း၊ ဘဏ်ကို ရောင်းချခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး သုံးစွဲဖို့ ကျန်ရှိငွေကို မပျက်မကွက် ရောင်းချရမယ်လို့ ဆိုပါတယ်။

AD လိုင်စင်ရဘဏ်တွေအနေနဲ့ကလည်း ပို့ကုန်ရငွေဝင်ရောက်ပြီး ၁ လပြည့်မြောက်တဲ့နေ့မှာ လက်ကျန်ပို့ကုန်ရငွေကို ကျပ်ငွေနဲ့ပြောင်းလဲရယူရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် တရုတ်-မြန်မာ၊ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အစီအစဉ်အောက်မှာ ဆောင်ရွက်နေတဲ့ နိုင်ငံခြားငွေဆိုင်ရာ ဆောင်ရွက်ချက်တွေနဲ့စပ်လျဉ်းပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနထံ Electronic Reporting System (ERS) ရဲ့ Border Trade Module အသုံးပြုပြီး မပျက်မကွက် ဆက်လက်သတင်းပို့ရမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ညွှန်ကြားထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ အထူးစီးပွားရေးဇုန်တွေက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ၊ နိုင်ငံခြားသံတမန်တွေနဲ့ မိသားစုဝင်တွေ၊ ကုလသမဂ္ဂဝန်ထမ်းတွေနဲ့ ကုလသမဂ္ဂ ခရီးသွားလက်မှတ်ကိုင် မြန်မာနိုင်ငံသားတွေ၊ ပြည်ပဖွံ့ဖြိုးရေး အေဂျင်စီတွေက နိုင်ငံခြားသားဝန်ထမ်းတွေ၊ INGO နဲ့ အေဂျင်စီဝန်ထမ်းတွေ၊ နိုင်ငံပိုင်/နိုင်ငံသားပိုင် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းတို့ကို ကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။

ပြည်ပကနေ ဒေါ်လာနဲ့ရလာသမျှကို တရက်အတွင်း တဒေါ်လာ ၁၈၅၀ ကျပ်နှုန်းနဲ့ မြန်မာကျပ်ငွေအဖြစ် ပြောင်းဖို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဧပြီ ၃ ရက်မှာ ရုတ်တရက် ထုတ်ပြန်လာပြီးနောက် နိုင်ငံခြားငွေလိုအပ်တဲ့ ကဏ္ဍတွေအားလုံးကို လှုပ်ခတ်သွားစေခဲ့ပါတယ်။

ရုတ်တရက် ထုတ်ပြန်လာတဲ့ နှုန်းသေသတ်မှတ်ချက်နဲ့ ငွေလဲခိုင်းတာတွေဟာ လုပ်ငန်းရှင်တွေကို အကြပ်ရိုက်သွားစေပါတယ်။ 

ပြည်တွင်း လုပ်ငန်းရှင် အသင်းအဖွဲ့တွေက ဒီညွှန်ကြားချက်ကို မကြိုက်ကြပေမဲ့ ဆန့်ကျင်ကန့်ကွက်ကြောင်းကို တရားဝင် ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါဘူး။

ဒီကြေညာချက်ကို ပထမဆုံးတုံ့ပြန်လာတာက ဂျပန်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံအတွင်းက ဂျပန်စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှုတွေကို ကင်းလွတ်ခွင့်ရဖို့ တောင်းဆိုခဲ့ပါတယ်။ 

အဲဒီနောက် ဗဟိုဘဏ်ရဲ့ အဲဒီနိုင်ငံခြားငွေကြေးဆိုင်ရာ ညွှန်ကြားချက်က နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) စီးဆင်းမှုကို ရပ်တန့်စေပြီး ပြည်ပနိုင်ငံတွေနဲ့ ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ ဖြစ်ပေါ်စေတယ်လို့ အမေရိကန်အပါအဝင် နိုင်ငံတကာ  စီးပွားရေးအဖွဲ့ ၁၂ ခုက ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ပြီး ဒီညွှန်ကြားချက်ကို ထောက်ပြကြပါတယ်။

ဒီမူဝါဒဟာ အလဲလဲအပြိုပြိုဖြစ်နေတဲ့ နိုင်ငံရဲ့ စီးပွားရေးကို အရှိုက်ထိုးလိုက်တာလို့ ဝေဖန်သူတွေက ထောက်ပြထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013