DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဦးအုန်းဝင်းနှင့် စီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်အပါအဝင် ၇ ဦးကို အဂတိမှုဖြင့် အမှုဖွင့်
DVB
·
April 26, 2022
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဦးအုန်းဝင်းနှင့် စီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်အပါအဝင် ၇ ဦးကို အဂတိမှုဖြင့် အမှုဖွင့်
Donate to DVB

အန်အယ်လ်ဒီအစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဦးအုန်းဝင်း၊ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်နဲ့   စီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်အပါအဝင် ၇ ဦးကို စစ်ကောင်စီက အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာမှာ အဂတိမှုနဲ့ အမှုဖွင့်အရေးယူလိုက်ပါတယ်။

တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံအတွက် လိုအပ်တဲ့ ကျောက်မီးသွေး ထုတ်လုပ်၊ ရောင်းချရာမှာ အဂတိလိုက်စားမှုရှိနေတယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းမှာ ဧပြီ ၂၅ ရက်က ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်တရားစွဲဖို့လုပ်ဆောင်နေတာလို့ စစ်ကောင်စီက ဒီနေ့ သတင်းထုတ်ပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ လုပ်ငန်းအကောင်အထည် ဖော်မှုအပေါ်ကြီးကြပ်ဆောင်ရွက်ဖို့ တာဝန်ရှိတဲ့ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ ဦးဆောင်ညွှန်ကြား ရေးမှူး ဦးကျော်ဆန်းနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့တဲ့ ကုမ္ပဏီဥက္ကဋ္ဌ ဦးချစ်ခိုင်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အရလည်းကောင်း အမှုဖွင့်လိုက်တယ်လို့ဆိုပါတယ်။

အလားတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်နဲ့ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊  လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့တဲ့ ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမင်းခိုင်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ  ပုဒ်မ ၅၅/၆၃ အရလည်းကောင်းအမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။

ကျောက်မီးသွေး တန်ချိန် ၂၃ သိန်းကျော်အတွက် ဓာတ်သတ္တုခွန် ငွေကျပ်သန်း ၁,၉၀၀ ကျော်နဲ့ နိုင်ငံတော်မှရရှိမယ့် ထုတ်လုပ်မှုအချိုး ၃၀ ရာခိုင်နှုန်းအပေါ် ငွေကျပ်သန်း ၁၄,၀၀၀ ကျော် လျော့နည်းရရှိခဲ့ပြီး နိုင်ငံတော်မှ စုစုပေါင်း ငွေကျပ်သန်း ၁၅,၉၀၀ကျော် နစ်နာခဲ့တယ်လို့  စစ်ကောင်စီက စွပ်စွဲပါတယ်။

ဒါ့အပြင်ကျောက်မီးသွေးဝယ်ယူခြင်း စာချုပ်ချုပ်ဆိုရာမှာ တစ်တန်လျှင် ငွေ ၅,၈၀၉ ဒသမ ၁၂ ကျပ်နှုန်း ပိုမိုကုန်ကျခဲ့လို့  ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဌာနမှ ဝယ်ယူခဲ့တဲ့ တန်ချိန် ၁၄ သိန်းကျော်အတွက် ငွေကျပ် ၈,၂၀၀ သန်းကျော်နဲ့ တစ်တန်ဈေးနှုန်းမှာ ကုမ္ပဏီမှ ပေးဆောင်ရမယ့် ဝင်ငွေခွန်ကို ထည့်သွင်းတွက်ချက်ပေးခဲ့လို့ ဝင်ငွေခွန် ငွေကျပ်သန်း ၁,၂၀၀ ကျော်၊ စုစုပေါင်း ငွေကျပ်သန်း ၉,၄၀၀ ကျော် နိုင်ငံတော်မှနစ်နာခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့တယ်လို့ လည်းဆိုပါတယ်။

အဆိုပါ ဝန်ကြီးတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်အာဏာသိမ်းပြီး ၁ နှစ်ကျော်ကြာမှ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဆောင်ရွက်ခဲ့တဲ့ကိစ္စတွေနဲ့ စွပ်စွဲအရေးယူလိုက်တာဖြစ်ပြီး စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့တော့  ဖမ်းဆီးတရားစွဲခံနေရသူတွေဘက်က ချေပပြောဆိုနိုင်တဲ့ အခွင့်အရေး မရရှိသေးပါဘူး။

စစ်ကောင်စီဟာ အာဏာစသိမ်းပြီးကတည်းက  နိုင်ငံခေါင်းဆောင်တွေအပါအဝင်  အန်အယ်လ်ဒီအစိုးရအဖွဲ့ဝင်တွေ၊ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ၊ မြို့တော်ဝန်တွေကို ဖမ်းဆီးပြီး အဂတိမှုအပါအဝင် စွဲချက်အမျိုးမျိုးနဲ့ အမှုဖွင့်ထားတာဖြစ်ပေမဲ့ အခုအချိန်အထိ အဂတိလိုက်စားထားတဲ့ သက်သေအထောက်အထား တခုမှ ပြသနိုင်ခြင်းမရှိသေးပါဘူး။

Photo- MES

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013