
တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတကတော်ဟောင်း ဂင်မ်ဂွန်ဟီး ဟာ အဂတိလိုက်စားမှုစွဲချက်တွေ အများအပြားနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ စစ်မေးမြန်းမှုခံယူဖို့ သြဂုတ် ၆ ရက်က တရားရုံးကို လာရောက်ခဲ့ပြီး လူထုကို တောင်းပန်စကားပြောကြားခဲ့ပါတယ်။
သမ္မတကတော်ဟောင်း ဂင်မ်ဂွန်ဟီးက “ကျမလို ဘာမှအရေးမပါတဲ့သူတယောက်ကြောင့် ပြည်သူလူထုကို စိုးရိမ်ပူပန်စေမိလို့ တကယ့်ကို တောင်းပန်ပါတယ်”လို့ အထူးအစိုးရရှေ့နေ ရုံးခန်းကို ဝင်ရောက်ချိန်မှာပြောပါတယ်။
သမ္မတကတော်ဟောင်း ဂင်မ်ဂွန်ဟီးဟာ စတော့ရှယ်ယာလိမ်လည်မှု၊ လာဘ်ပေးလာဘ်ယူမှု အပါအဝင် တရားမဝင် ဩဇာလွှမ်းမိုး အသုံးချမှုတွေနဲ့ စွပ်စွဲခံထားရပြီး ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ဩဇာကြီးတဲ့ နိုင်ငံရေးအာဏာပွဲစားတယောက်တို့ ပါဝင်ပတ်သက်နေတာပါ။
သူ့အပေါ် တရားစွဲဆိုထားတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးခွန်းတွေကိုတော့ မဖြေကြားခဲ့ပါဘူး။
သမ္မတဟောင်း ယွန်းဆုခ်ယိုးလ်ကို စစ်အုပ်ချုပ်ရေးဥပဒေကို ခဏတာ ကြေညာခဲ့တဲ့အတွက် စွပ်စွဲပြစ်တင်ကာ ရာထူးကနေ ဖယ်ရှားလိုက်ပြီးနောက်မှာ သမ္မတဟောင်း ယွန်းနဲ့ သမ္မတကတော်ဟောင်း ဂင်မ်ဂွန်ဟီးတို့ ၂ ယောက် စလုံးကို အထူး ခန့်အပ်ထားတဲ့ အစိုးရရှေ့နေတွေက သီးခြားစုံစမ်းစစ်ဆေးရေးတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
သမ္မတဟောင်း ယွန်းကို မနှစ်က မအောင်မြင်လိုက်တဲ့ စစ်အုပ်ချုပ်ရေးကြေညာမှုကြောင့် ဧပြီလမှာ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ရာထူးကနေဖယ်ရှားခဲ့တာဖြစ်ပြီး အခုတော့ သမ္မတအသစ် အီဂျယ်မြောင် ဖွဲ့စည်းထားတဲ့ အထူးတရားစွဲဆိုမှုအဖွဲ့က သမ္မတဟောင်း ယွန်းကို စုံစမ်းစစ်ဆေးနေ ပါတယ်။
Source:Reuters










