DVB Logo
Home
မြန်မာသတင်း
သူရဲကောင်း CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင် ၂၉၀၀ ကျော်ရှိလာဟု NUG ထုတ်ပြန်
DVB
·
April 26, 2022
သူရဲကောင်း CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင် ၂၉၀၀ ကျော်ရှိလာဟု NUG ထုတ်ပြန်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချိတ်ဆက်ထားတဲ့ သူရဲကောင်း CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်ဦးရေ ၂၉၃၇ ယောက် ရှိလာပြီဖြစ်တယ်လို့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဝန်ကြီးဌာန အနေနဲ့ လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ရင်ခွင်ခိုလုံလာစေဖို့ ဆွဲဆောင်စည်းရုံး လုပ်ကိုင်နေပြီး၊ ပြည်သူဘက် ရပ်တည်လာတဲ့ သူရဲ‌ကောင်း CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ပြည်သူ့ ရင်ခွင်နဲ့ အခြားလူမှုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ကာ လူမှုရေးအထောက်အပံ့တွေကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့ ပေးနေတယ်လို့ ဆိုပါတယ်။

ဝန်ကြီးဌာနက စုံစမ်းသိရှိရသမျှ သူရဲကောင်း CDM ရဲတပ်ဖွဲ့ဝင် အင်အားကတော့ ၆,၀၀၀ နဲ့ ၇,၀၀၀ ကြားမှာ ရှိနေတာမို့ ချိတ်ဆက်ဖို့ ကျန်ရှိနေသေးတဲ့ CDM ရဲတပ်ဖွဲ့ဝင်တွေကို ချိတ် ဆက်နိုင်ရေး ကြိုးပမ်းနေပြီး စစ်ကောင်စီထံ ပူးပေါင်းတာဝန်ထမ်း ဟန်ဆောင်ကာ ပြည်သူ့ဘက်ရပ်တည်နေတဲ့ Pre-CDM ရဲတပ်ဖွဲ့ဝင် အင်အားကတော့ ၃၄ ယောက်ထိ ရှိနေတယ်လို့ ဆိုပါတယ်။

ချိတ်ဆက်မရသေးတဲ့ သူရဲကောင်း CDM ပြည်သူ့ရဲတပ်ဖွဲဝင်တွေ အနေနဲ့လည်း ဝန်ကြီးဌာနရဲ့ ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေး ကော်မတီကို အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ကြဖို့ အသိပေးထားပြီး မဝေးတော့တဲ့ ပြည်သူ့ တော်လှန်‌ရေးအောင်ပွဲအတွက် အကြမ်းဖက် စစ်ကောင်စီလက်အောက်ရောက်ရှိနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အမြန်ဆုံး ပြည်သူနဲ့အတူ ပူးပေါင်းရပ်တည်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

တကယ်လို့ ပြည်သူ့ရင်ခွင်ကို မခိုလှုံဘဲ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ကိုင်နေသေးရင်တော့ ပြည်သူအပေါ် အကြမ်းဖက်ရာ သက်ရောက်နေတယ်လို့ မှတ်ယူထားပြီး အကြမ်းဖက်သမားမှန်သမျှကို ဘယ်ချိန်ဘယ်ကာလ ဖြစ်ဖြစ် တစ်ဦးတစ်ယောက်မျှ လွတ်မြောက်မှုမရှိစေဘဲ၊ တရားဥပဒေနဲ့အညီ အပြစ်ပေးအရေးယူခံရမှာဖြစ်ကြောင်းလည်း  NUG အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ  သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းနှိုးဆော်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ သားကောင်းတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားပါ တယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013