DVB Logo
Home
မြန်မာသတင်း
ဝန်ကြီး ဦးသောင်းထွန်းကို ထောင်ဒဏ် ၉ နှစ်၊ ဒုဝန်ကြီး ဦးကျော်လင်းကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်
DVB
·
April 22, 2022
ဝန်ကြီး ဦးသောင်းထွန်းကို ထောင်ဒဏ် ၉ နှစ်၊ ဒုဝန်ကြီး ဦးကျော်လင်းကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်
1 / 3
Donate to DVB

အန်အယ်လ်ဒီအစိုးရလက်ထက် တာဝန်ထမ်းခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းကို စစ်ကောင်စီတရားရုံးက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နဲ့ ထောင်ဒဏ် ၉ နှစ်  ချမှတ်လိုက်ပြီး ဆောက်လုပ်ရေး ဒုဝန်ကြီး  ဦးကျော်လင်းကိုတော့ အလုပ်နှင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်ပါတယ်။

ဒါ့အပြင် ဆောက်လုပ်ရေး ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦးကို  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ အရ အလုပ်နဲ့ ထောင်ဒဏ်  ၄ နှစ် ကျခံစေဖို့နဲ့ ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော်နဲ့ ဦးနေအောင်ရဲမြင့်တို့ကို အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်ခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်း

ဝန်ကြီး ဦးသောင်းထွန်းဟာ တာဝန်ထမ်းဆောင်စဉ် စားသုံးသူရေးရာဦးစီးဌာနပိုင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းပေါ်ရှိ မြေဧက ၉ ဒသမ ၂၂၀ ကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုသို့ တင်ဒါမခေါ်ဘဲ နှစ် ၃၀ ငှားရမ်းပေးခဲ့ရာမှာ တစ်နှစ်အတွက် မြေငှားရမ်းခ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သိန်းကျော်နဲ့ မြေအသုံးချမှု ပရီမီယံကြေး အမေရိကန် ဒေါ်လာ ၈ ဒသမ ၉ သန်းကျော် နစ်နာဆုံးရှုံးခဲ့တယ်လို့ စွပ်စွဲပြီး အဂတိမှု အမှုသုံးမှုအတွက် စုစုပေါင်းအလုပ်နဲ့ ထောင်ဒဏ် ၉ နှစ်ချမှတ်လိုက်တာပါ။

ဆောက်လုပ်ရေး ဒုဝန်ကြီး  ဦးကျော်လင်း

ဒုဝန်ကြီး ဦးကျော်လင်းကိုတော့ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မုံရွာ-ယာကြီး-ကလေးဝလမ်း၊ မိုင်(၈၅/၀)မှ ကြာပင်ကျေးရွာသို့ ဆက်သွယ်ထားသောလမ်း ဖောက်လုပ်ရာမှာ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦးက လမ်းဦးစီးဌာန ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေကျပ် ၅၆၂ သန်းကျော် သုံးစွဲစေရေးဆောင်ရွက်စေခဲ့တာ၊ မင်းကင်းမြို့နယ်မှာ ကျောက်အိုးတံတားအသစ်အတွက် ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က တံတားပြင်ဆင်ထိန်းသိမ်းရေးရန်ပုံ ငွေကျပ်သန်း ၁၂၀ နဲ့ တည်ဆောက်စေခဲ့လို့ နိုင်ငံတော်ရဲ့ငွေကြေးများကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ဒါ့အပြင် ဦးကျော်လင်းဟာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း  အန်အယ်လ်ဒီ ပါတီခရိုင်ရုံးဆောက်လုပ်ဖို့ အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော်ထံမှတစ်ဆင့် လက်အောက်ဝန်ထမ်းတွေထံက ငွေကျပ် သိန်း ၃၀ ကို လက်ခံရယူခဲ့သလို မင်းကင်းမြို့နယ် ခရီးစဉ်မှာ ဘုန်းတော်ကြီးကျောင်းတွေ ဝင်ရောက်ဖူးမြော်ပြီး အလှူငွေနဲ့ ဆန်အိတ်တွေပေးအပ် လှူဒါန်းရာ ဆန်အိတ် ၆၈ အိတ်ကို တန်ဖိုးငွေပေးချေခြင်းမရှိခဲ့ဘူးလို့  စွပ်စွဲထားပါတယ်။

စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထောင်ချခံရသူတွေဘက်က ပြန်လည် တုံ့ပြန် ပြောဆိုနိုင်တဲ့ အခွင့်အရေး မရရှိသေးပါဘူး။

စစ်ကောင်စီဟာ အာဏာစသိမ်းပြီးကတည်းက သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အန်အယ်လ်ဒီအစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်တွေကို ဖမ်းဆီးထားပြီး အဂတိမှုအပါအဝင် စွဲချက်အမျိုးမျိုးနဲ့ တရားစွဲ ထောင်ချနေတာဖြစ်ပေမဲ့ အဂတိလိုက်စားထားတဲ့  ပိုင်ဆိုင်မှု အထောက်အထားတွေကတော့ တခုမှ  သက်သေပြနိုင်ခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013