DVB Logo
Home
မြန်မာသတင်း
“အဆုံးသတ်စစ်ပွဲမှာ ပြည်သူလူထုကပဲအနိုင်ရမည်”ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလပြော (ရုပ်သံ)
DVB
·
April 16, 2022
“အဆုံးသတ်စစ်ပွဲမှာ ပြည်သူလူထုကပဲအနိုင်ရမည်”ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလပြော (ရုပ်သံ)
Donate to DVB

နိုင်ငံရဲ့ နေရာအတော်များများမှာ ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး များမကြာမီ လွတ်မြောက်နယ်မြေ ဖန်တီးနိုင်တော့မှာဖြစ်သလို အဆုံးသတ်စစ်ပွဲမှာလည်း ပြည်သူလူထုကပဲ အနိုင်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

ဧပြီ ၁၆ ရက်  NUG အစိုးရတည်ထောင်ခြင်းအထိမ်းအမှတ်  နိုင်ငံတော်အခြေပြမိန့် ခွန်းပြောကြားရမှာထည့်သွင်းပြောကြားသွားတာပါ။

“NUG ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်များဟာ နိုင်ငံရဲ့ နေရာအတော်များများ အထူးသဖြင့် ကျေးလက်ဒေသများကို ထိန်းချုပ်ထားနိုင်ပြီးဖြစ်ပါတယ်။ မြို့ပြအချို့ကိုလည်း ဝိုင်းပတ်စိုးမိုးထားပြီးဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ တိုင်းရင်းသားလက်နက်ကိုင်များဟာ နယ်မြေတော်တော်များများမှာ ထိန်းချုပ်လာနိုင်တာ၊ စစ်ကောင်စီတွေနဲ့ ရင်ဆိုင်ရတဲ့ တိုက်ပွဲတွေတိုင်း ရဲစွမ်းသတ္တိအပြည့်နဲ့ ဆင်နွှဲနိုင်ကြတာဟာ ဒေသခံပြည်သူတွေနဲ့ ပြည်ပရောက် နိုင်ငံသားတွေရဲ့ ထောက်ခံအားပေးမှုတွေနဲ့ ထောက်ပံ့ပေးမှုတွေကြောင့်ပဲဖြစ်ပါတယ်။ များမကြာမီ နယ်မြေတော်တော်များများကို လွတ်မြောက်နယ်မြေအဖြစ် ဖန်တီးနိုင်တော့မှာ ဖြစ်ပါတယ်။ မိစ္ဆာစစ်ကောင်စီတွေနဲ့ ယနေ့အထိ ရင်ဆိုင်ရတဲ့ တိုက်ပွဲတိုင်း ကျနော်တို့ဘက်က အနိုင်ရသလို အဆုံးသတ်စစ်ပွဲမှာလည်း ပြည်သူလူထုကပဲ အနိုင်ရမယ်လို့ ကျနော်လုံးဝယုံကြည်ပါတယ်”

NUG အစိုးရဟာ ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေမှာ ကြားကာလအုပ်ချုပ်ရေးနဲ့  အသွင်ကူးပြောင်းရေးကာလ တရားစီရင်ရေး ယန္တရားတွေကို ဒေသခံတွေ မဟာမိတ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ စတင်အကောင်အထည်ဖော်နေပြီလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တရားစီရင်ရေးနဲ့ တရားမျှတမှုရရှိရေး ဆောင်ရွက်နေပြီဖြစ်တယ်၊  ၂၀၀၂ ခုနှစ် ဇူလိုင်လကစပြီး စစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအားလုံးကို တရားစီရင်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) တရားစီရင်ပိုင်ခွင့်ကိုလည်း လက်ခံပြီးဖြစ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီကိုဆန့်ကျင်နေတဲ့ ဖယ်ဒရယ်ဒီမိုကရက်တစ်မဟာမိတ်ကို အားကောင်းအောင် ဆက်ပြီး ကြိုးပမ်းသွားမယ်၊ အုပ်ချုပ်ရေးနဲ့ လူမှုကူညီမှုတွေ၊ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုတွေ လူသားချင်းစာနာမှုအကူအညီတွေ  ပံ့ပိုးပေးမယ်၊ စစ်အာဏာရှင်ရဲ့ ရက်စက်မှုတွေကနေ ပြည်သူလူထုတွေကို အကာအကွယ်ပေးသွားမယ်လို့လည်းဆိုပါတယ်။

အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားထောက်ခံဖို့၊ တရားမဝင်စစ်ကောင်စီကို အသိအမှတ်မပြုကြဖို့တိုက်တွန်းလိုက်သလို ပြည်သူကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ကူညီအားပေးတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ ဆန့်ကျင်တဲ့ အပြုအမူဖြစ်တယ်ဆိုတာကို သတိထားကြဖို့လည်း ယာယီသမ္မတက ပြောပါတယ်။

နိုင်ငံတကာအနေနဲ့လည်း မြန်မာပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့နဲ့ ဖယ်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုထူထောင်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့ ထောက်ပံ့မှုတွေ၊ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့၊ စစ်ကောင်စီ လက်နက်တွေမဝယ်နိုင်အောင် ပိတ်ဆို့ပေးဖို့နဲ့ ပြည်သူ့ရင်ခွင်အစီအစဉ်ကို ကူညီပေးဖို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက  တောင်းဆိုလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ (NUG) ကို  ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်မှာဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

NUG အစိုးရအဖွဲ့မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးနေရာမှာ ဆက်လက်ခန့်အပ်ထားပြီး သမ္မတ ဦးဝင်းမြင့်ကိုလည်း သမ္မတရာထူးနေရာမှာ ဆက်လက်ခန့်အပ်ထားပါတယ်။

၂၀၂၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် အမည်စာရင်းတင်သွင်းခံရသူတွေအထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG ) လည်း ပါဝင်နေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013