
တူမီးသေနတ်တွေနဲ့စတင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ခံစစ်ကနေ တန်ပြန်ထိုးစစ်ကို အလုံးစုံ ကူးပြောင်းနိုင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
ဒီကနေ့ မေ ၅ ရက်မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်း တည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိန့်ခွန်းပြောကြာရာမှာ ဒူဝါလရှီးလက ပြောကြား လိုက်တာပါ။
နေပြည်တော်ကို ခြိမ်းခြောက်လာနိုင်တဲ့အထိ စစ်ရေးအရှိန် မြှင့်တင်လာနိုင်တဲ့ PDF တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း တူမီးသေနတ်တွေ၊ လက်လုပ်သေနတ်တွေကနေတဆင့် ခေတ်မီလက်နက် တပ်ဆင်ထားပြီး စနစ်ကျတဲ့ တပ်မတော်အဖြစ် တိုးတက်လာပြီး အခုအခါ ခုခံစစ်ကနေ တန်ပြန် ထိုးစစ်ကို အလုံးစုံကူးပြောင်းကာ မြို့ရွာအမြောက်အမြားကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက PDF ရဲဘော်တွေအနေနဲ့ စစ်ရေးအောင်ပွဲတွေ ရရှိနေချိန်မှာ ပြည်သူ လူထုအပေါ် အလေးထားကာကွယ်ဖို့နဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကို တိတိကျကျ လိုက်နာကြဖို့ အထူးမှာကြားခဲ့ပါတယ်။
အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို ကာကွယ်ဖို့၊ ပြည်သူပိုင်ပစ္စည်းတွေကို မထိပါးဖို့နဲ့ စစ်သုံ့ပန်းတွေအပေါ် ဂျီနီဗာကွန်ဗင်းရှင်းအတိုင်း လူသားဆန်စွာ ဆက်ဆံဖို့ကို အလေးထား တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် တော်လှန်ရေးခရီးဟာ ပန်းတိုင်မရောက်မချင်း လျှောက်လှမ်းရမဲ့ ခရီးရှည်ကြီးဖြစ်တဲ့ အတွက် ရဲဘော်တွေအနေနဲ့ ဇွဲ၊ သတ္တိရှိရှိနဲ့ ကြံ့ကြံ့ခံဖို့ ၊ တိုင်းရင်းသားညီနောင် မဟာမိတ်တွေနဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိ ဆက်လက်ချီတက်ကြဖို့ကိုလည်း ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း ရရှိခဲ့တဲ့ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေကို ရယူပြီး ပိုမို ကောင်းမွန်တဲ့ မဟာဗျူဟာတွေ၊ ပိုမိုသာလွန်တဲ့ အားထုတ်ကြိုးပမ်းမှုတွေနဲ့ ရှေ့ဆက်ကြဖို့နဲ့ ပြည်သူ့အာဏာကို ပြည်သူ့ထံ မလွဲမသွေ ပြန်လည် အပ်နှင်းနိုင်ရေးအတွက် တိုင်းရင်းသားညီနောင် မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ စုစည်းညီညွတ်စွာ လက်တွဲညီညီနဲ့ အောင်ပွဲဆီသို့ ဆက်လက် ချီတက်ကြဖို့ တိုက်တွန်းပြောပါတယ်။
ဒါ့အပြင် ၅ နှစ်တာကာလအတွင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ တိုင်းရင်းသား ပြည်သူတရပ်လုံး မျှော်ရည်တောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရေးဆိုတဲ့ ဘုံရည်မှန်းချက်ပန်းတိုင်အတွက် အသက်၊ သွေး၊ ချွေးနဲ့ ကိုယ်လက်အင်္ဂါ တွေ စတေးကာ မြင့်မြတ်စွာ ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြတဲ့ ပြည်သူ့အာဇာနည် သူရဲကောင်းအပေါင်းကို တိုင်းပြည်နဲ့ ပြည်သူလူထုကိုယ်စားလေးစားစွာ ဂုဏ်ပြုတယ်လို့ ပြောပါတယ်။
မြေပြင်တိုက်ပွဲတွေမှာတော့ စစ်အာဏာရှင်တပ်တွေက စစ်ကိုင်းတိုင်းထဲက တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့မြို့တွေကို အင်အားသုံးပြန်လည်းသိမ်းယူနေတာမှာ အင်းတော်မြို့နဲ့ အနီးတဝိုက် ဒေသတွေကို ဧပြီ ၃၀ ရက်မှာ ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကိုင်းတိုင်း အထက်ပိုင်း ထီးချိုင့်နဲ့ တကောင်းနယ်တို့ကိုလည်း မတ် ၁၀ ရက်နောက်ပိုင်းက ပြန်ထိန်းချုပ် ခဲ့ပါတယ်။
ကေခိုင်










