
ဈေးကွက်တည်ငြိမ်ရေးနဲ့ စားအုန်းဆီ လိုအပ်ချက်တွေကို ဖြည့်ဆည်းနေတယ်လို့ စစ်အာဏာရှင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောထားပေမဲ့ ဈေးကွက်ထဲမှာတော့ စားအုန်းဆီ အလုံအလောက် ဝယ်မရလို့ သတ်မှတ်ဈေးထက် ၃ ဆလောက် တက်နေပြီး ဝယ်မရတဲ့အခြေအနေ ဖြစ်နေပါတယ်။
ဇူလိုင်လ ဒုတိယအပတ်အတွက် စစ်အာဏာရှင်အစိုးရက သတ်မှတ်ထားတဲ့ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တပိဿာကို ကျပ် ၇,၂၈၅ သာရှိပေမဲ့ ဈေးကွက်မှာတော့ စားသုံးသူတွေက ရည်ညွှန်းဈေးထက် ၃ ဆနီးပါးပေးပြီး ဝယ်သုံးနေရတယ်လို့ စားသုံးသူတွေက ပြောပါတယ်။
စားသုံးဆီ ရည်ညွှန်းဈေးက ပြီးခဲ့တဲ့ ဇွန်လကထက် ကျပ် ၇၀ ဝန်းကျင် ကျဆင်းခဲ့ပေမဲ့ ပြင်ပဈေးကွက်မှာတော့ ဇူလိုင်လထဲမှာ ကျပ် ၁၇၀,၀၀၀ မှ ကျပ် ၁၈၀,၀၀၀ အတွင်းအထိ မြင့်တက်လာတာကို တွေ့ရပါတယ်။
ရန်ကုန်မြို့က ဆီရောင်းဝယ်သူတယောက်ကတော့ စားအုန်းဆီခွဲတမ်းက လိုသလောက် မရရှိတဲ့အတွက် ဈေးကွက်မှာ အပြင်ကုန်သည်တွေဆီကနေ ဈေးကြီးပေးဝယ်ပြီး ပြန်ရောင်းနေရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် လက်ကားရောင်းဈေးက ဆီပိဿာ ၂၀၀ ဝယ်ရင် ဆီတပိဿာကို ပေါက်ဈေး ကျပ် ၁၄,၀၀၀ ဝန်းကျင် ရှိတယ်လို့ စားအုန်းဆီ လက်ကားရောင်းချသူတယောက်က ပြောပါတယ်။
“ပေါက်ဈေးကတော့ ကျနော်တို့ လက်ရှိရောင်းနေတာ ကျပ် ၁၄၀,၀၀၀ ပေါ့၊ ပုံး ၂၀ ပုံး ၃၀ အဲ့လို ယူပေးရတယ်။ ရည်ညွှန်းဈေးကတော့ ၆,၅၀၀ လောက် ပေါက်နေတယ်။ ဒါပေမဲ့ အဲဒီဈေးနဲ့က ဘယ်မှာမှ ဝယ်လို့မရဘဲ၊ ရောင်းဖို့အတွက်ကတော့ အပြင်ကုန်သည်တွေဆီကနေဝယ်၊ ဝယ်ပြီး ဒီလိုပဲ ပြန်ရောင်းရတာပေါ့။ သူတို့သတ်မှတ်တဲ့ဈေးက အဲဒီဈေးနှုန်းဆိုပေမဲ့ ကျနော်တို့က အဲဒီဈေးနဲ့ မရပြန်ဘူးလေ၊ မရတဲ့အပြင် ဝယ်လို့ရတဲ့ ပမာဏကိုလည်း ကန့်သတ်ထားတယ်လေ၊ အဲဒီလို တိုက်ရိုက်ဝယ်မရတော့ တခြားကုန်သည်တွေဆီကနေ တဆင့်ပြန်ဝယ်ပြီး ရောင်းရတာပေါ့။”
စစ်အာဏာရှင်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကလည်း ရက် ၁၀၀ စီမံချက်အတွင်း ရန်ကုန်မှာ စားအုန်းဆီ တပိဿာ ပြင်ပပေါက်ဈေး ကျပ် ၂၀,၀၀၀ အထိ ပေးဝယ်နေရပြီး ဈေးကွက်တည်ငြိမ်ရေးနဲ့ စားအုန်းဆီ လိုအပ်ချက်တွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ပြည်သူတွေရဲ့ ဆီသုံးစွဲမှု လိုအပ်ချက်ကို ဖြည့်တင်းဖို့ တလကို စားအုန်းဆီ တန်ချိန် ၅၀,၀၀၀ ကျော် တင်သွင်းရပြီး တတန်ကို အမေရိကန်ဒေါ်လာ ၁,၁၅၀ ဖြစ်လို့ အမေရိကန်ဒေါ်လာ ၅၈ သန်းကျော် ကုန်ကျတယ်လို့လည်း သူက ဆိုပါတယ်။
တင်သွင်းလာတဲ့ စားအုန်းဆီတွေကိုလည်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းနဲ့ ဖြန့်ဖြူးပေးနေပြီး ဝယ်ယူခွင့်ရရှိတဲ့ ဆီစာအုပ်ရှိတဲ့ ပြည်သူတွေ သက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူနိုင်အောင် စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အိမ်ရှင်မတွေက ဈေးကွက်ထဲမှာ စားအုန်းဆီ လိုသလောက် ဝယ်ယူလို့မရတဲ့အတွက် ထိုင်းနိုင်ငံဘက်က တင်သွင်းတဲ့ စားဆီတွေကိုလည်း ဈေးကြီးပေးပြီး ဝယ်သုံးနေရတယ်လို့ အိမ်ရှင်မတွေက ပြောပါတယ်။
စစ်အာဏာရှင်အစိုးရက စားအုန်းဆီကို မြို့နယ် ရပ်ကွက်အလိုက် ဆီစာအုပ်တွေလုပ်ကာ ခွဲတမ်းနဲ့ ရောင်းချပေးပေမဲ့ အဲဒါကလည်း အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူတွေကသာ ဝယ်ပြီး ပြင်ပဈေးကွက်မှာ အမြတ်တင်ကာ ရောင်းစားနေတယ်လို့ အိမ်ရှင်မတယောက်က ပြောပါတယ်။
“ကျပ် ၄၈,၀၀၀ ကို ၅ လီတာ၊ တလီတာပုံးကကျတော့ ဆိုင်ကမတူဘူးပေါ့လေ၊ ကျပ် ၄၆,၀၀၀ ရောင်းတဲ့ဆိုင်လည်း ရောင်းတယ်၊ ၄၈,၀၀၀ ရောင်းတဲ့ဆိုင်လည်း ရောင်းတယ်၊ စားအုန်းဆီ ကန်ဆီကျတော့ ၁၃,၀၀၀ လောက်ပေါက်တယ်။ ဒီနေ့တောင် တို့လမ်းထိပ်မှာ ၂ ပိဿာဆီ ရောင်းပေးတယ်၊ သွားမတိုးကြပါဘူး။ ဈေးထဲမှာတော့ ၅၀ သားပဲ ပေးတယ်၊ ရပ်ကွက်ထဲမှာတော့ ၂ ပိဿာ။ ရပ်ကွက်ထဲကလူတွေပဲ ပေးတဲ့နေရာ လျှောက်လိုက်ပြီး တိုးနေကြတာ၊ တိုးပြီး ပြန်ရောင်းစားတဲ့သူတွေပဲ တိုးနေကြတာ။”
နိုင်ငံတော်က ဆီတပိဿာကို ကျပ် ၇,၀၀၀ နဲ့ ၉,၀၀၀ ကြား ရောင်းပေးနေပေမဲ့ စာအုပ်နဲ့မဟုတ်တဲ့ ပြည်သူတွေရဲ့လက်ထဲကို ရောက်တဲ့အချိန်မှာ စားအုန်းဆီ တပိဿာ ၁၈,၀၀၀ ကနေ ၂၀,၀၀၀ ကြား ဖြစ်နေတာဟာ ဝိသမလောဘသားတွေကြောင့်သာဖြစ်ပြီး ပြည်သူတွေ မနစ်နာရအောင် စစ်ဆေးဆောင်ရွက်နေတယ်လို့လည်း စစ်အာဏာရှင်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ပြောထားပါတယ်။










