DVB Logo
Home
Lead Story
ဂယ်ပေါက် မရှိ
DVB
·
April 11, 2022
ဂယ်ပေါက် မရှိ
Donate to DVB

ကျုပ်ငယ်စဉ်က အညာက ရွာမှာနေတုန်းကပေါ့.. မိုးသည်းသည်းရွာပြီး နောက်နေ့ နေစပ်စပ်ပူရင် ပုတတ်(ပဒတ်) လိုက်ခဲ့ကြတာကို အမှတ်ရနေမိတယ်။ ပုတတ်တွင်းက ဝင်ပေါက်ရှိတယ်။ ဝင်ပေါက်နဲ့ နှစ်တောင်ကွာလောက်မှာ အသက်ဘေးအန္တရာယ်နဲ့ ကြုံတွေ့ရင် ထွက်ပေးဖို့ အပေါက်တပေါက် ရှိနေတတ်တယ်။ အဲဒီအပေါက်ကို ‘ဂယ်ပေါက်’ လို့ ခေါ်တယ်။ တိရစ္ဆာန်ဖြစ်လင့်ကစား ‘ဂယ်ပေါက်’ ထားရှိတာ တွေ့ရတော့ ငယ်ငယ်ကတည်းက ချီးကျူး အံ့ဩမိတယ်။

အခု မအလ အကြမ်းဖက်အဖွဲ့အစည်းကတော့ ‘ဂယ်ပေါက်’ ထားရှိတာ မတွေ့ရဘူး။ ဂယ်ပေါက် ဖန်တီးပေးတာကိုလည်း လက်မခံ၊ ပယ်ချနေတာ တွေ့ရတယ်။ လက်မခံ ပယ်ချဆို ကျုပ်တို့နိုင်ငံမှာ တပ်က လက်နက်အားကိုးနဲ့ အာဏာသိမ်းယူခဲ့တာ နှစ်ကြိမ်ရှိခဲ့ဖူးတယ်။ အဲဒီနှစ်ကြိမ်မှာ ကျူပ်တို့ ပြည်သူတွေက သူတို့ လျှောက်ခိုင်းတဲ့လမ်းအတိုင်း လျှောက်ခဲ့ကြရတယ် မဟုတ်လား။ အခု သုံးကြိမ်မြောက် အာဏာသိမ်းတော့ လူထုတရပ်လုံးက အရင်လို မဟုတ်တော့ဘူး။

ဒီမှာ ခေါင်းဆောင်တွေကို  ဖမ်းဆီးချုပ်နှောင်လိုက်တာနဲ့ အလွယ်တကူ  အောင်မြင်လိမ့်မယ်လို့ ထင်မှတ်နေကြတာကိုး။ ရာနှုန်းပြည့် အုပ်ချုပ်နိုင်လိမ့်မယ်လို့ တွက်ချက်ထားကြဟန် တူပါရဲ့။ ခုတော့ ၁ နှစ်ကျော်လာသည့်တိုင် လုံးဝအုပ်ချုပ်လို့ မရသေးတဲ့အပြင် နှာခေါင်း ကျည်ပွေ့ တွေ့တဲ့အဖြစ်မျိုး  တွေ့ကြုံနေရပြီလေ။ ဂယ်ပေါက်လည်း မရှိတော့ ချောင်ပိတ်မိတဲ့ ခွေးကြီးလို ဖြစ်နေရှာပေါ့။ ပြောရရင်တော့ မအလ အကြမ်းဖက်အဖွဲ့အစည်းဟာ တိရစ္ဆာန် ပုတတ်လောက်တောင် ဦးနှောက်မရှိပါကလား။

သိကြတဲ့အတိုင်း အာဏာသိမ်းလိုက်တာနဲ့ နိုင်ငံတဝန်းက ဆန္ဒပြ ထုတ်ဖော် ကန့်ကွတ်လာကြတယ်။ နိုင်ငံတကာကလည်း ပိတ်ဆို့မှုတွေ လုပ်လာကြတယ်။ အဲဒီမှာ စိုးဝင်း ဆိုတဲ့သူက ပိတ်ဆို့မှုတွေက အတွေ့အကြုံရှိပြီးသားမို့ မိတ်ဆွေနိုင်ငံတချို့နဲ့ ဆက်လက်လျှောက်လှမ်းနိုင်တယ်လို့ ပြောခဲ့တာလေ။ ခုတော့ ဒင်းက သူတို့ကို အဘက်ဘက်က ဝိုင်းဝန်းတိုက်ခိုက်တာ ခံနေရပြီလို့  ပြောလာရပြီ မဟုတ်လား။ 

ဒေသတွင်း အာဆီယံအဖွဲ့အစည်းကလည်း မအလကို ခေါ်ယူပြီး ဂယ်ပေါက် ဖန်တီးပေးခဲ့တယ်လေ။ ဒါပေမဲ့ လက်မခံ ပယ်ချခဲ့တယ်။ သူတို့ ဖြစ်ချင်တာပဲ သိတယ်၊ ဒီအတွက် ရွာတွေကို ပြည်သူတွေကို ပစ်သတ်တယ်၊ ရွာတွေကို မီးရှို့တယ်၊ ဖက်ဆစ်အပြုအမူတွေ အကုန်ကျင့်သုံးတယ်။ နာကြည်းနေကြတဲ့ ကျုပ်တို့ ပြည်သူတွေဟာ သူတို့ရဲ့ အကြောက်တရားဖန်တီးပြီး အုပ်ချုပ်မှုကို အန်တုနေကြတယ်။ ခုခံ တော်လှန်နေကြတယ်။

အလှည့်ကျ အာဆီယံဥက္ကဋ္ဌဖြစ်လာတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ရောက်လာတယ်။ မအလရဲ့ ဘာကြောင့် အာဏာသိမ်းရတယ်ဆိုတဲ့ စကားကိုပဲ နားထောင်သွားရရှာတယ်။ သူ့ ကြိုးစားမှုကြောင့် ဩစတြေးလျစီးပွားရေးပညာရှင် ရှောင်တာနယ် လွတ်လာပြီလို့ ကြွားလိုက်သေး၊ သတင်းမှားနေတော့ မဟာအရှက်တော်ကွဲသွားရော။ ရွာတွေ မီးရှို့တာ လေယာဉ်နဲ့ ဗုံးကြဲတာတွေ မအလ အကြမ်းဖက်အဖွဲ့က လုံးဝမလျှော့။

ဒီမှာ အာဆီယံအထူးသံတမန် ရောက်လာပြန်တယ်။ မအလက ဓာတ်ပြားဟောင်းကြီး ဖွင့်ပြပြန်တယ်။ ပြောပါများ အမှားက အမှန်ဖြစ်လို့ ကိုယ့်ဟာကိုယ် ထင်မှတ်မှားယွင်းနေသလား  မဆိုတတ်ဘူး။ အဲဒီမှာ အမေရိကန်နိုင်ငံက မအလအကြမ်းဖက်အဖွဲ့အစည်းကို  ဂျီနိုဆိုဒ် ကျူးလွန်ခဲ့တယ်လို့ ကြေညာလိုက်တယ်။ တပြိုင်တည်း အင်ဒိုနီးရှားနိုင်ငံက အာဆီယံ အရေးပေါ်အစည်းအဝေး ခေါ်ယူဖို့ တောင်းဆိုလိုက်တယ်။ မလေးရှားနိုင်ငံက ထောက်ခံလိုက်တယ်။ ဒီနိုင်ငံရေးအချင်းအကျင်းတွေက တိုက်ဆိုင်မှုမဟုတ်ဘူး၊ ချိန်ကိုက် ဖောက်ခွဲလာတဲ့  အခင်းအကျင်းတွေလို့ ကျုပ်လို အညာကလူတောင် လှမ်းမြင်နေတယ်။

ဂျီနိုဆိုဒ် သတ်မှတ်မှုကို အမေရိကန်နိုင်ငံက တရားဝင်သတ်မှတ်လိုက်တော့ ICJ မှာလည်း အကျိုးသက်ရောက်မှုက လာတော့ပေမပေါ့။ ပြည်တွင်းအနေအထားမှာလည်း PDF တွေဟာ ပြောက်ကျားစစ် မဟုတ်တော့ဘဲ ထိုးစစ်ဆင်တိုက်ခိုက်လာတာတွေကို တွေ့လာရတယ်။ ကေအန်ယူလို လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲမှာလည်း မအလ အကြမ်းဖက်အဖွဲ့အစည်းဟာ တိုက်တိုင်းရှုံး ဖြစ်နေပါရော့လား။ တပ်တွေဟာ လေကြောင်းပစ်ကူ မပါရင် ရှေ့တန်းမထွက်တော့ဘူးချည်း ဇွတ်ခံနေတယ် ကြားနေရတာပဲ။ 

ကဲ.. ငါတို့ကို ဘယ်သူမှ မတော်လှန်နိုင်ဘူးလို့ သွေးနားထင်ရောက်နေတဲ့ မအလအဖွဲ့အစည်းဟာ ခေါင်းမာမာနဲ့ ဂယ်ပေါက် မထားရှိခဲ့တော့ ချောင်ပိတ်မိနေတဲ့ ခွေးနာကြီးလို ဖြစ်နေရှာတာပေါ့.. ခွေးနာရဲ့ ဇာတ်သိမ်းကိုတော့ စောင့်သာ ကြည့်ကြပါတော့… ။

ဒေါင်းနီ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013