DVB Logo
Home
မြန်မာသတင်း
၁ လအတွင်း လူသားချင်းစာနာမှုအကူအညီ ကျပ်သန်း ၁၆၀ ကျော် NUG လှူဒါန်း
DVB
·
April 11, 2022
၁ လအတွင်း လူသားချင်းစာနာမှုအကူအညီ ကျပ်သန်း ၁၆၀ ကျော် NUG လှူဒါန်း
Donate to DVB

လိုအပ်နေတဲ့ ပြည်သူတွေအတွက် ပြီးခဲ့တဲ့ မတ်လ ၁ လအတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ် ငွေကျပ် ၁၆၁ ဒသမ ၄၂ သန်း လှူဒါန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ခုလိုလှူဒါန်းမှုမှာတော့ ဝန်ကြီးဌာနအနေနဲ့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူတွေနဲ့ စစ်ဘေးရှောင်တွေအတွက် ကျပ် ၁၀၆ ဒသမ ၄၁ သန်း၊ ကျဆုံးသွားသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေအတွက် ကျပ် ၂၃ ဒသမ ၄၀ သန်း၊ CDM ဝန်ထမ်းတွေအတွက်  ၁၂ ဒသမ ၁ သန်း၊ ထိခိုက်လွယ် ပြည်သူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ၁ ဒသမ ၉၆ သန်းနဲ့ အထွေထွေ လူသားချင်းစာနာမှုအကူညီ ၁၇ ဒသမ ၅၅ သန်း ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

ထောက်ပံ့မှုအများဆုံး ပြုလုပ်ခဲ့တဲ့ ပြည်နယ်နဲ့ တိုင်း ၃ ခုကတော့ စစ်ကိုင်း၊ ကရင်နဲ့ ကရင်နီ(ကယား) တို့ဖြစ်ပြီး ယာယီစစ်ဘေးရှောင်စခန်းတွေက ဒုက္ခသည် ၁၀၃,၅၇၆ ယောက်ကို ထောက်ပံ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ အကြမ်းဖက်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်မယ် ထင်ရတဲ့ နေရာတွေကို ထွက်ပြေးခိုလှုံနေကြရတဲ့ ပြည်သူတွေအပါအဝင် အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူတွေကို NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မိတ်ဖက်အသီးသီးနဲ့ လက်တွဲချိတ်ဆက်ကာ အတတ်နိုင်ဆုံး ကြိုးစားပံ့ပိုးကူညီပေးနေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဒီထောက်ပံ့မှုတွေကို စစ်တပ်ရဲ့ အတားအဆီးအမျိုးမျိုးကြားကနေ ဘေးဒုက္ခ ခံစားနေကြရတဲ့ ပြည်သူတွေလက်ဝယ်အရောက် စီစဉ်ဆောင်ရွက်ပေးကြတဲ့ ဒေသခံ မိတ်ဖက်အဖွဲ့တွေ၊ ကိုယ်စားလှယ်တွေ၊ စေတနာ့ဝန်ထမ်းပြည်သူတွေနဲ့ ထောက်ပံ့မှု ရန်ပုံငွေအတွက် လှူဒါန်းပေးနေကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ရှိကြောင်းလည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ စစ်တပ်က မတရားအာဏာသိမ်းမှုအပြင် မတရားဖမ်းဆီးမှု၊ မီးရှို့ဖျက်ဆီးမှုနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတို့ကြောင့် နေ့စဉ်နဲ့အမျှ စစ်ဘေးရှောင်အရေအတွက်နဲ့ ထိခိုက်ဒဏ်ရာရသူ အရေအတွက် တိုးလာနေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်အထိ အတည်ပြုထားတဲ့ ကိန်းဂဏန်းအရ မြန်မာနိုင်ငံတဝန်း ပြည်တွင်း နေရပ်စွန့်ခွာရသူ ဦးရေဟာ စုစုပေါင်း ၉၀၄,၆၀၀ ရှိပြီး၊ ဒီအထဲကမှ လူဦးရေ ၅၅၈,၀၀၀ ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ဖြစ်ပွားတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ လုံခြုံရေးအန္တရာယ်ကြောင့် နေရပ်စွန့်ခွာရသူတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ထားပါတယ်။

ပဋိပက္ခဒဏ်သင့်ရာဒေသတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေရှိရာ နေရာတွေကို လူသားချင်းစာနာမှုအကူအညီတွေ သွားရောက်ပေးနိုင်ခွင့်ကိုလည်း တင်းကျပ်စွာ တားမြစ်ကန့်သတ်ခံထားရတဲ့အတွက် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံအဖွဲ့အစည်းတွေက တတ်နိုင်သမျှ ကူညီပံ့ပိုးပေးနေပေမယ့် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကြီးမားတဲ့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013