DVB Logo
Home
မြန်မာသတင်း
ကရင်နီဒေသတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံး
DVB
·
April 9, 2022
ကရင်နီဒေသတိုက်ပွဲများတွင်  စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံး
Donate to DVB

ကရင်နီ (ကယားပြည်နယ်)အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF၊ ကရင်နီတပ်မတော်KA ပူးပေါင်းတပ်တွေနဲ့  စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားခဲ့ပြီး ဧပြီပထမပတ်အတွင်း စစ်ကောင်စီတပ်သား ၁၅ ယောက်ထက် မနည်း သေဆုံးခဲ့တယ်လို့  KNDFရဲ့  ဧပြီ ၈ ရက်  ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီးမော့ဆို - ဖရူဆို ကားလမ်းမတလျှောက် အပြင်းအထန်ထိုးစစ်ဆင်နေသလို  ဖရူဆိုနဲ့ ဘောလခဲမြို့နယ်တွေကိုလည်း တပ်အင်အားနဲ့ ရိက္ခာတွေ  ပို့ဆောင်နေတာကြောင့် ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးတလျှောက်ရှိ ကျေးရွာတွေအနီးမှာ ထိတွေ့တိုက်ပွဲတွေမကြာခဏ ဖြစ်ပွားနေတာပါ။

KNDF B 04 တပ်ဖွဲ့တာဝန်ရှိသူတဦးက “ နေ့စဉ်နဲ့အမျှ တိုက်ပွဲပြင်းထန်နေပါတယ်။ ဖရူဆိုမြို့နယ်အ၀င် ဒီးမော့ဆိုမြို့အဆုံး ထူလွီဘီလား၊ ငွေတောင်ရွာသစ်၊ ဒေါညေးခူ တို့ တကြောလုံးမှာ   KNDF B 04 / KA တို့အပြင် PDF ပူးပေါင်းတပ်နဲ့အတူ စစ်ကောင်စီစစ်တပ်ရဲ့ ရိက္ခာပို့ဆောင်ရေးလမ်းကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ပါတယ်။ မိုးမကျခင်မှာ ဖက်ဆစ်စစ်တပ်တွေဟာ ဖရူဆိုမြို့နယ်အတွင်းရှိ တပ် ၃ တပ်ကို ရိက္ခာအပြည့်ဖြည့်တင်းဖို့ ကြိုးစားနေပါတယ်။ တကယ်လို့သာ ကျနော်တို့ မဖြတ်တောက်နိုင်ရင် မိုးရာသီအတွင်း ဖရူဆိုမြို့နယ်မှာ ဖက်ဆစ်စစ်တပ်ဘက်က ဒီထက်ပြင်းထန်တဲ့ ထိုးစစ်ဆင်မှုတွေ ပြင်ဆင်နေမယ့် အနေအထားရှိနေတယ်” လို့ ပြောပါတယ်။

ဧပြီ ၂ ရက် မနက် ၅ နာရီခွဲလောက်က လွိုင်ကော်မြို့နယ်၊ လောပိတရေအားလျှပ်စစ် စက်ရုံအမှတ် (၁) ရှိ စစ်ကောင်စီတပ်ရဲ့ ကင်းစခန်းကို ကရင်နီတပ်မတော်KA နဲ့ KNDF ပူးပေါင်းတပ်တို့ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့သလို နေ့လယ်ပိုင်းကလည်း ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၂ ဦး သေဆုံးခဲ့ပါတယ်လို့ KNDF ကထုတ်ပြန်ပါတယ်။

ဧပြီ ၄ ရက်မနက် ၉ နာရီခွဲလောက်ကလည်း ဒီးမော့ဆိုမြို့နယ်၊ ထူလွှီးဘီလာနဲ့ပဒုံငံကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို ဖရူဆိုမြို့နယ်၊ ငွေတောင်ရွာသစ်နဲ့ ကဒါးလားကျေးရွာအကြားမှာလည်း လွိုင်ကော်ကနေဖရူဆိုကို ရိက္ခာပို့မယ့် စစ်ကောင်စီတပ်ယာဥ်တန်းကို KA နဲ့ KNDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီယာဥ်တန်းနဲ့ စစ်ကောင်စီရဲ့ မြေပြင်တပ်တွေ ကဒါးလားကျေးရွာနဲ့ ဘုရားစေတီတွေမှာ တပ်စွဲထားတာဖြစ်ပြီး အဲဒီနေ့ မွန်းတည့်ကနေ ညနေ ၄ နာရီကျော်အထိ ထိတွေ့တိုက်ပွဲမှာ  စစ်ကောင်စီတပ် ၄ ဦးနဲ့ KNDF ဘက်က ၁ ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၄ ရက် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေကို  ခုခံတိုက်ခိုက်ရင်း KNDF ရဲဘော် တဦး ကျဆုံးခဲ့ရပါတယ်။

ဧပြီ ၅ ရက်ကလည်း ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာအနီး၊ ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးအတွင်း ဖြတ်သန်း သွားနေတဲ့စစ်ကောင်စီယာဥ်တန်းကို KNDF က ပြောက်ကျား တိုက်ခိုက်ခဲ့သလို အဲဒီနေ့ည ၈ နာရီလောက်ကလည်း ဒီးမော့ဆိုမြို့နယ် ထူလွှီးဘီလာနဲ့ ခြေတော်ရာဘုရားတောင်အနီးတဝိုက်မှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။

ဧပြီ ၇ ရက် မနက် ၉ နာရီလောက်မှာတော့ ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာအနီး စစ်ကြောင်းထိုးပြီး လမ်းကင်းချထားတဲ့ စစ်ကောင်စီတပ်တွေကို KA နဲ့ KNDF တို့က ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က ၃ ဦး ကျဆုံးခဲ့ပါတယ်လို့ သိရပါတယ်။ အလားတူ ဒီးမော့ဆိုမြို့နယ်၊ ငွေတာင်ရွာသစ်ကျေးရွာအနီးမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က  ၄ ဦးသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်တွေမှာရှိတဲ့ ကျေးရွာတွေကို တာဝေးပစ်လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာကြောင့် ဧပြီလ ပထမအပတ်အတွင်း အရပ်သားပြည်သူ ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၂ ဦး သေဆုံးရတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နဲ့ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတွေက နေအိမ် ၃၅ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၉ လုံး လက်နက်ကြီး ထိမှန်တာကြောင့် ပျက်စီးခဲ့တယ်လို့လည်း KNDF  ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013