
လက်ဘနွန်နဲ့ အစ္စရေးအရာရှိတွေ အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီမှာ ဆွေးနွေးခဲ့တဲ့ ရလဒ်အဖြစ် အပစ်အခတ်ရပ်စဲရေး နောက်ထပ် ၄၅ ရက်အထိ တိုးဖို့ သဘောတူညီချက် ရခဲ့ပြီးနောက် ၃ ရက်အကြာ မေ ၁၈ ရက်မှာ အစ္စရေးက လက်ဘနွန်ကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
အစ္စရေးဟာ ဧပြီလမှာ ကနဦးသဘောတူခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တယ်လို့ အယ်လ်ဂျားဇီးယား သတင်းဌာနက သတင်းထုတ်ပါတယ်။
တနင်္လာနေ့က တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ်လှုပ်ရှားမှုရဲ့ ခေါင်းဆောင် ဝေါလ်အဗ္ဗဒူလ် ဟာလင်မ်နဲ့ ၁၇ နှစ်အရွယ်သမီး ရာမာတို့ ပါတယ်လို့ လက်ဘနွန် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဘာလ်ဘက်မြို့ ဆင်ခြေဖုံးက ပါလက်စတိုင်းလူမျိုးတွေအတွက် ဂျာလီလ် ဒုက္ခသည်စခန်းမှာ တိုက်ခိုက်မှုအပြီး ဝမ်းနည်းကြေကွဲသူ ဒါဇင်ပေါင်းများစွာဟာ စခန်းတလျှောက် ချီတက်ခဲ့ကြပါတယ်။
အစ္စရေးက လက်ဘနွန်တောင်ပိုင်းမှာလည်း ဆက်တိုက်ခိုက်နေပြီး တိုင်ယာခရိုင်က ဟာနဝေး၊ ဒီဘယ်လ်၊ ဒီယာအမ်မာ၊ ဒီယာအာမက်စ်နဲ့ မီယာကာ တို့ကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ အယ်လ်ဂျာဇီးရား အာရဗီသတင်းဌာနရဲ့ မြေပြင်သတင်းထောက်တွေက ပြောပါတယ်။
ဟာရွတ်ဖ်နဲ့ တောင်ပိုင်းက တခြားဒေသတွေမှာလည်း တိုက်ခိုက်မှုတွေ ထပ်ဖြစ်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။
မတ် ၂ ရက်မှာ အစ္စရေးရဲ့ တကျော့ပြန်တိုက်ခိုက်မှုတွေ စကတည်းက သေဆုံးသူဦးရေ ၃,၀၂၀ ယောက်ထက်မနည်း ရှိလာခဲ့ပြီး ၉,၂၇၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။










