DVB Logo
Home
မြန်မာသတင်း
Burma Act မြန်မာပြည်ဆိုင်ရာ ဥပဒေ အမေရိကန်လွှတ်တော်၌ မဲခွဲဆုံးဖြတ် အတည်ပြုမည်
DVB
·
April 6, 2022
Burma Act မြန်မာပြည်ဆိုင်ရာ ဥပဒေ အမေရိကန်လွှတ်တော်၌ မဲခွဲဆုံးဖြတ် အတည်ပြုမည်
Donate to DVB

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် မြန်မာစစ်အာဏာရှင်အုပ်စုကို ဖိအားပေးဖို့ မြန်မာနိုင်ငံဆိုင်ရာအက်ဥပဒေ (BURMA ACT 2021) ကို အတည်ပြုပေးဖို့ အမေရိကန်ရောက် မြန်မာအသိုက်အဝန်းက  ကွန်ဂရက် လွှတ်တော်ကို  တောင်းဆိုလိုက်ပါတယ်။

အမေရိကန် အောက်လွှတ်တော်ဟာ မြန်မာပြည်မှာဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မြှင့်တင်ဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးကူညီမှုတွေကို ပါလုပ်ဆောင်ဖို့နဲ့ မြန်မာနိုင်ငံမှာလူ့အခွင့်အရေးနဲ့ စပ်လျဉ်းပြီး ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ချမှတ်နိုင်ဖို့အတွက် ညှိနှိုင်းရေးမှူးတယောက်  ခန့်အပ်ရေး နိုင်ငံခြားရေးဌာနကို ခွင့်ပြုပေးတဲ့ ဥပဒေကြမ်းကို အခုသီတင်းပတ်မှာ မဲခွဲဆုံးဖြတ်ဖို့ ရှိနေတာပါ။ 

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၅ ရက်က အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ နယူးယောက်မှ ဒီမိုကရက်လွှတ်တော်အမတ် ဂရီဂိုရီဒဗလျူမိခ်ဟာ မေရီလန်းပြည်နယ်မှ ဘင်ဂျမင်အယ်လ်ကာဒင်နဲ့ အိုဟိုင်းယိုးပြည်နယ်ကိုယ်စားပြု ရီပတ်ဘလီကန်အမတ် စတိဗ်ချားဘော့တ်တို့နဲ့အတူ Burma Act လို့လူသိများတဲ့   “The Burma Unified through Rigorous Military Accountability Act of 2021”  (စစ်တပ်ကို အပြင်းထန်ဆုံးနည်းလမ်းဖြင့် တာဝန်ခံစေခြင်းဖြင့် မြန်မာပြည်ပေါင်းစည်းရေးဥပဒေ ၂၀၂၁) လို့ အဓိပ္ပါယ်ရတဲ့ ဥပဒေကြမ်းကို အစပျိုး မိတ်ဆက်ပေးခဲ့ပါတယ်။

ဒီဥပဒေကြမ်းမှာ လက်ရှိမြန်မာနိုင်ငံမှာ ဒုက္ခမျိုးစုံခံစားနေရတဲ့ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့အချက်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေအတွက် အကူအညီအထောက်အပံ့ပေးဖို့ဆိုတဲ့အချက်တွေ၊ တရားမျှတမှုဖော်ဆောင်ရေးကိစ္စ တွေဆောင်ရွက်ဖို့အချက်တွေ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အမေရိကန်အစိုးရက ဦးဆောင်ပြီးဆောင်ရွက်ဖို့အချက်တွေ၊ စစ်ကောင်စီရဲ့ အဓိက ဝင်ငွေရလမ်းဖြစ်တဲ့ ကျောက်မျတ်လုပ်ငန်းနဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) တို့ကို ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့မှုတွေလုပ်ဖို့ စတဲ့ အရေးကြီးတဲ့အချက်တွေ အများကြီးပါဝင်တာပါ။

ဒါ့အပြင် လက်ရှိစစ်ရာဇ၀တ်မှုတွေကို ဆက်လက်ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ရဲ့ တာဝန်ခံမှု၊ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူနည်းစုတွေအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေ၊ အားလုံးပြီးမြောက်အောင်ဆောင်ရွက်ဖို့ အထူးညှိနှိုင်းရေးမှူးရာထူးကိစ္စတွေဟာ အရေးတကြီး လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ ကိစ္စတွေဖြစ်တယ်လို့ US Advocacy Coalition for Myanmar နဲ့ အမေရိကန်မှာ နေထိုင်တဲ့ အဖွဲ့အသီးသီးက လက်မှတ် ရေးထိုးထားတဲ့စာထဲမှာ ပြောထားပါတယ်။ 

အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြု ထောက်ခံချက်တွေနဲ့ အမေရိကန်ရှိ ရွှေ့ပြောင်း နေထိုင်သူအသိုင်းအဝိုင်းတွေနဲ့ မြန်မာနိုင်ငံတွင်းရှိ လူမှုအဖွဲ့အစည်းတွေ စုပေါင်းဝိုင်းဝန်း တောင်းဆိုထားချက်ဟာ အဆိုပါဥပဒေကြမ်းအရ အာဏာသိမ်းဖို့ကျူးလွန်မှုနဲ့ အခုအချိန်အထိ လူပေါင်း ၁၇၀၀ ကျော် သေဆုံးခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ တာဝန်ရှိတဲ့သူတွေအားလုံးကို တာဝန်ခံစေဖို့  မျှော်လင့်ချက်ထား ထားကြပါတယ်။

ဒီဥပဒေကြမ်းဟာ စစ်တပ်၊  စစ်ကောင်စီနဲ့ သူတို့ရဲ့ ဆက်စပ်အဖွဲ့အစည်းတွေ၊ လုပ်ငန်းစုတွေအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေကိုလည်း ခွင့်ပြုပေးနိုင်ပါတယ်။

ဒီဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တို့မှာ မဲခွဲအတည်ပြုမှာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာပဲ အောက်လွှတ်တော်မှာ အရင်ဆုံး မဲခွဲဆုံးဖြတ်တော့မှာပါ။

ဒီဥပဒေမူကြမ်းဟာ အရင်အဆက်ဆက်ရှိခဲ့တဲ့ ဥပဒေတွေနဲ့မတူဘဲ ပိုပြီးပြည့်စုံကောင်းမွန်တဲ့ မူကြမ်းဖြစ်တာကြောင့် မြန်မာပြည်သူတွေအတွက်တော့ အကျိုးအများကြီးရှိစေမယ်လို့ ရှေ့ပြေးအသံအဖွဲ့တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ဥပဒေမူကြမ်းထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUGကို အစိုးရတစ်ရပ်အနေနဲ့သ သုံးနှုန်းပြီး တရားမျှတမှုဖော်ဆောင်ပေးဖို့ကိစ္စတွေကို ထည့်သွင်းထားတာကြောင့် ဒီဥပဒေအတည်ပြုရင် အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အသိအမှတ်ပြုတယ်ဆိုတဲ့သ ဘောမျိုးကိုလည်းတွေ့ရမှာဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်အနေနဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီကို လုံးဝအသိအမှတ်မပြုဘူးဆိုတာလည်း ဒီဥပဒေမူကြမ်းမှာ ထင်ထင်ရှားရှားတွေ့ရတယ်လို့ ဆိုပါတယ်။

ဥပဒေကြမ်းအတည်ပြုနိုင်ဖို့ အလားအလာကောင်းတွေ အများကြီးရှိနေသလို အောက်လွှတ်တော်မှာ စိုးရိမ်စရာမရှိပေမဲ့ အထက်လွှတ်တော်မှာတော့ စောင့်ကြည့်ရမယ့် အနေအထားတစ်ခုလည်းရှိတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ 

ဒါကတော့ အရင်အဆက်ဆက်ရေးဆွဲတင်သွင်းခဲ့တဲ့ Burma Act ဥပဒေမူကြမ်းတွေဟာ ဒီမိုကရက်တစ်နဲ့ ရီပက်ဗလစ်ကန်တွေ ပူးပေါင်းရေးဆွဲတင်သွင်းတာဖြစ်ပြီး အခုဥပဒေမူကြမ်းကတော့ ဒီမိုကရက်တစ်တွေဘက်က ဦးဆောင်တင်သွင်းတာဖြစ်လို့ ပါတီနှစ်ခုကြား သဘောထားမတိုက်ဆိုင်တာတွေရှိလာမှာကို စိုးရိမ်ရတာပါ။

ဒါပေမဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ခေတ်အဆက်ဆက် အမေရိကန်ပါတီနှစ်ခုအကြား စိတ်တူကိုယ်တူဆောင်ရွက်ခဲ့ကြတဲ့ အခြေအနေတွေလည်းရှိခဲ့ပြီးသားဖြစ်လို့ သိပ်တော့ စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

ဒီဥပဒေမူကြမ်းထဲမှာတော့ မြန်မာပြည်က အရပ်ဘက်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့ တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူညီငွေ ဒေါ်လာသန်း ၂၂၀ ပေးဖို့၊ ဒီမိုကရေစီရရှိရေးကြိုးပမ်းနေတဲ့အင်အားစုတွေ၊ သတင်းမီဒီယာတွေကို ဒေါ်လာသန်း ၅၀ ပေးဖို့ စတာတွေလည်း ပါဝင်ပါတယ်။

ရွေးကောက်ခံ အရပ်သားအစိုးရထံကနေ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့မိသားစုတွေကို  အမေရိကန်နဲ့ အနောက်နိုင်ငံအစိုးရတွေဟာ ပိတ်ဆို့အရေးယူမှုတွေလည်း ချမှတ်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013