DVB Logo
Home
မြန်မာသတင်း
စက်မှုဇုန်စက်ရုံများ၏ လစာငွေနှင့် ကုန်ကြမ်းအတွက် ငွေသားထုတ်ပေးရန် ဗဟိုဘဏ်ညွှန်ကြား
DVB
·
April 2, 2022
စက်မှုဇုန်စက်ရုံများ၏ လစာငွေနှင့် ကုန်ကြမ်းအတွက် ငွေသားထုတ်ပေးရန် ဗဟိုဘဏ်ညွှန်ကြား
Donate to DVB

စက်မှုဇုန်စက်ရုံတွေရဲ့ လုပ်ခလစာတွေအတွက် ဧပြီ ၁ ရက်ကစလို့ ဘဏ်တွေကနေ ငွေအကန့်အသတ်မရှိ ထုတ်ပေးဖို့နဲ့ ကျန်းမာရေးနဲ့ ဘာသာရေးဆိုင်ရာကိစ္စတွေအတွက် အထောက်အထားပြနိုင်ရင် တပတ်မှာ ကျပ်သိန်း ၁၀၀ အထိထုတ်ပေးဖို့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ညွှန်ကြားပါတယ်။

ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့စာမှာ  စက်မှုဇုန်စက်ရုံတွေရဲ့ လုပ်ခလစာကိစ္စတွေအတွက် ကန့်သတ်ချက်မရှိ ထုတ်ပေးတာအပြင် ကုန်ကြမ်းဝယ်ယူတာအတွက် ငွေသားထုတ်ယူတာကို  ဘဏ်တွေရဲ့ ငွေကြေးလွယ်ကူတဲ့အပေါ်မူတည်ပြီး တပတ်မှာ အများဆုံး ကျပ် သိန်း ၁၀၀၀၊ ကျန်းမာရေးနဲ့ ဘာသာရေးဆိုင်ရာကိစ္စရပ်တွေအတွက် အထောက်အထားတွေ ပြည့်စုံခိုင်လုံရင် လူပုဂ္ဂိုလ် တယောက်ချင်းရဲ့ ဘဏ်စာရင်းတွေက ငွေထုတ်တာကို တပတ်မှာ အများဆုံး ကျပ်သိန်း ၁၀၀ အထိ ထုတ်ပေးရမယ်လို့ ဆိုပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်တယောက်က “သူတို့ဘဏ်တွေမှာ ငွေတွေ တကယ်ရှိ လာတာလား။ လည်ပတ်တာကောင်းဖို့အတွက် ထုတ်ပြန်တာလားတော့ မသိဘူးပေါ့။ အရင်ကဆို ငွေထုတ်ဖို့အတွက် ဗဟိုဘဏ်အထိ တင်ခဲ့ရတာလေ။ အခုတော့ ပိုပြီး အဆင်ပြေလာမယ့်သဘောပေါ့။ ဒါပေမဲ့ တကယ်ပေး မပေး၊ ရ မရကတော့ သူတို့အပေါ်မူတည်တာပဲ။ ဘာမှတော့ ကျေးဇူးတင်စရာလည်း မရှိပါဘူး။ ကောင်းကောင်းမွန်မွန်လည်ပတ်နေတဲ့စနစ်တခုကို သူတို့ဖျက်ဆီးပိတ်ဆို့လိုက်ပြီး အခု နည်းနည်း ပြန်ဖွင့်ပေးတာလေ” လို့ ပြောပါတယ်။

အခုအခါဘဏ်တွေရဲ့ ငွေသားစီမံခန့်ခွဲတဲ့ အခြေအနေကောင်းမွန်လာတယ်လို့လည်း စစ်ကောင်စီ လက်အောက်ခံဗဟိုဘဏ်ကဆိုပြီး အစိုးရဌာနတွေရဲ့ သင်တန်းကျောင်းစရိတ်တွေ၊ ဆုချီးမြှင့်ငွေနဲ့ ဝတ်စုံကြေးတွေ၊ နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ချီးမြှင့်ငွေတွေ၊ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ငွေတွေ၊ ဝန်ထမ်းဆုချီးမြှင့်ငွေတွေနဲ့ ဘာသာရေးဆိုင်ရာအခမ်းအနားတွေ၊ အစိုးရဌာနအသီးသီးရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အသုံးစရိတ်တွေ၊  စစ်ကောင်စီ လက်အောက်ခံ ပြည်နယ်၊ တိုင်း အစိုးရအဖွဲ့တွေရဲ့ အသုံးစရိတ်တွေ၊ ဘတ်ဂျက်ငွေနဲ့ဆောင်ရွက်တဲ့ ဒေသဖွံဖြိုးရေးစီမံကိန်းတွေ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းတွေ၊ ထောက်ပံ့ကြေးနဲ့ လျော်ကြေးကိစ္စတွေ အတွက် တပတ်မှာ အများဆုံး ကျပ် သိန်း ၁၀၀၀ အထိ ထုတ်ယူခွင့်ပေးလိုက်ပါတယ်။

ရန်ကုန်ဒေသခံတယောက်က “လူတွေရဲ့ အစိုးရိမ်လွန်တာလည်းပါတာပေါ့။ ငွေသားဆိုတာက တကယ်လည်း လိုသလောက်မရနိုင်ဘူးလေ။ ဒစ်ဂျစ်တယ်ငွေချေစနစ်တွေကို လက်ခံသုံးစွဲနေရင် ဒါတွေက ပြဿနာဖြစ်လာစရာကို မရှိတာ။ အခုတော့ ဘယ်သူတွေက ဘယ်လို အကျိုးအမြတ် ရသွားလဲတော့ မသိဘူး။ ပြည်သူတွေကတော့ ဒုက္ခရောက်တာပေါ့” လို့ ပြောပါတယ်။

ပို့ကုန်ရငွေ (Export Earning)၊ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့လွှဲပို့ငွေ၊ လစာစရိတ်တွေ၊ သင်္ဘောသားလစာတွေအပြင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ INGO/NGO တွေကရတဲ့ ပြည်ပကနေ လွှဲပြောင်းပေးပို့လာတဲ့ငွေတွေ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအဖြစ် (FDI) လွှဲပြောင်းငွေ၊ ပြည်ပချေးငွေတွေ အဖြစ် ဝင်ရောက်လာတဲ့ငွေတွေအတွက် မြန်မာကျပ်ငွေနဲ့ ပြောင်းလဲတာဆိုရင် အကောင့်သစ်မှာ ငွေသားဝင်သလို စာရင်းပြောင်းနည်းနဲ့ထည့်သွင်းပေးဖို့နဲ့ ငွေသားထုတ်မယ်ဆိုရင်လည်း ထုတ်မယ့်သူနဲ့ ဘဏ်တို့ ညှိနှိုင်းပြီး ဘဏ်တွေရဲ့ ငွေသားလွယ်ကူတဲ့အပေါ်မူတည်ထုတ်ပေးဖို့ စစ်ကောင်စီ လက်အောက်ခံဗဟိုဘဏ်က ညွှန်ကြားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013