DVB Logo
Home
မြန်မာသတင်း
လာမည့် သရက်ရာသီ တရုတ်စျေးကွက်တင်ပို့မှု ကျဆင်းနိုင်
DVB
·
April 1, 2022
လာမည့် သရက်ရာသီ တရုတ်စျေးကွက်တင်ပို့မှု ကျဆင်းနိုင်
1 / 3
Donate to DVB

ကိုဗစ်-၁၉ ရောဂါကြောင့် တရုတ်နိုင်ငံဘက်က နယ်စပ်အဝင်အထွက်ကို မကြာခဏ ကန့်သတ်ပိတ်ပင်တာတွေ ရှိနေတာကြောင့် မကြာခင် ရောက်ရှိလာမယ့် သရက်တင်ပို့ရာသီမှာ စျေးကွက်အပေါ် ထိခိုက်လာနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

နှစ်စဉ် သရက်သီးကို ဧပြီလလယ်ပိုင်းကနေ သြဂုတ်လအထိ တင်ပို့လေ့ရှိပြီး တရုတ် နယ်စပ်ကနေ အဓိက တင်ပို့နေတာပါ။ 

ရာသီချိန်အတွင်း သရက်သီးပို့ကုန်လမ်းကြောင်းမှာ စိန်ခေါ်မှုတွေ ရှိနေနိုင်တာကြောင့် ဈေးကွက်အခြေအနေ ဘယ်လောက်ကောင်းကောင်း လမ်းကြောင်းအဆင်မချောပါက ရင်မောရဦးမယ်လို့ မူဆယ်အခြေစိုက် သစ်သီးပွဲရုံတခုက ပြောပါတယ်။

လက်ရှိမှာ နယ်စပ်ကုန်သွယ်ရေးကို ဖွင့်လှစ်ထားတယ်ဆိုပေမဲ့ ကျန်းမာရေးစစ်ဆေးမှုနဲ့လုပ်ငန်းစဉ် အဆင့်တွေ များလွန်းပြီး လမ်းခရီး ကြန့်ကြာမှုတွေအရ အလုပ်မဖြစ်တာကြောင့် တင်ပို့မှုလျော့ကျနိုင်တယ်လို့ ခန့်မှန်းထားကြတာပါ။ 

ဒါအပြင် လမ်းပိုင်းတင်ပို့မှု ကုန်ကျစရိတ်ကြီးမြင့်ပြီး  မရေရာတဲ့ နယ်စပ်ကုန်သွယ်ရေးအရ ဆုံးရူံးနိုင်ခြေများတဲ့ အခြေအနေလည်း ရှိနေပါတယ်။

သစ်သီးဝလံ ကုန်သည်တစ်ဦးက “အကယ်၍ နယ်စပ်ဖွင့်ရင်တောင်မှ တင်ပို့စရိတ်က အရမ်းများနေတော့ သရက်က ကိုက်ဖို့မလွယ်ဘူး။ ဒီပုံစံအတိုင်းဆို သရက်က ဘယ်သူမှ ပို့ကြမှာ မဟုတ်ဘူး”လို့ ပြောပါတယ်။

လက်ရှိမှာလည်း ကိုဗစ်ကြောင့် တရုတ်နယ်စပ်ဂိတ်တွေ ပိတ်ထားလို့ မြန်မာနိုင်ငံဘက်က တင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ယှဉ်ရင် ၁ ဘီလီယံကျော်လျော့ကျနေပါတယ်။

သရက်သီးက ဖရဲ၊ သခွားသီးနှံထက်ပိုပြီး ရက်ရှည်အထားမခံ၊ ပုပ်သိုးပျက်စီးလွယ်တာကြောင့် ပိုမြန်ဆန်တဲ့အစီအမံ၊ သင့်တင့်တဲ့ ကုန်ကျစရိတ်နဲ့ ညှိနှိုင်းဆောက်ရွက်နိုင်မှုကို မျှော်လင့်တယ်လို့ မူဆယ်အခြေစိုက် ခွာညိုသစ်သီးပွဲရုံက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မျက်နှာမှာ ရေးသားထားပါတယ်။

“အနည်းအကျဉ်းသာဆိုရင် ချောမွေ့နိုင်ပေမဲ့ လမ်းပိုင်းနဲ့ တရုတ်ဘက်ကျန်းမာရေး စစ်ဆေးမှုမှာ လက်ခံနိုင်တဲ့ အတိုင်းအတာထက်ကျော်လွန်တဲ့ ပမာဏဆိုရင်တော့ ရက်ရှည်စောင့်ရမယ်။ ဖရဲသခွားက ၁ လထားတောင်ဈေးကွက်ဝင်သေးတယ်။ သရက်သီးကတော့ တပတ်ကျော်ရင်ဘာဖြစ်သွားမလဲ စဉ်းသာစားကြည့်ပါ။ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့မျိုးရင်း သရက်သီးပို့ကုန်တွေအတွက် ၁၀၀ ရာခိုင်နှုန်း အဆင်ပြေဖို့ဆိုတာမဖြစ်နိုင်သော်လည်း လုပ်သာကိုင်သာရှိလာအောင် ညှိနှိုင်းပေါင်းစပ်ပေးနိုင်မှုနဲ့ အပြန်အလှန် စိတ်ရင်းစေတနာထားနိုင်မှုတွေက လမ်းပိုင်းနဲ့ ဈေးကွက်ရဲ့အဖြေပါ” လို့ ရေးသားထားတာပါ။

ဒီနှစ်က တရုတ်စျေးကွက်မှာ ပုံမှန်ဝယ်လိုအားရှိဖို့ မျှော်လင့်ချက်နည်းတာကြောင့် သတင်းအချက်အလက် နားစွင့်ပြီး သုံးသပ်တင်ပို့သင့်ကြောင်း၊ တောင်သူတွေအနေနဲ့ အရည်အသွေး ဦးစားပေး တင်ပို့သင့်ပြီး လမ်းခရီး ကြန့်ကြာမှုအတွက်လည်း ကြိုတင်ပြင်ဆင်တင်ပို့သင့်တယ်လို့ ကုန်သည်ကြီးတွေက အကြံပြုထားပါတယ်။

‌‌ပြီးခဲ့တဲ့နှစ်ကလည်း ကိုဗစ်ကြောင့် တရုတ်စျေးကွက်မှာ ဆုံးရှုံးမှု နဲ့ စျေးကွက်မတည်ငြိမ်မှုတွေ ကြုံခဲ့ရပြီး ပြည်တွင်းက ကုန်သည်နဲ့ စိုက်ပျိုးတောင်သူတွေ နစ်နာဆုံးရူံးခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီနှစ်က သရက်စျေးကောင်းရရှိခဲ့ပါတယ်။

တရုတ်နယ်စပ်ကို သရက်သီးတင်ပို့မှုက နှစ်စဉ် ပျဉ်းမျှတန်ချိန် ၄၀,၀၀၀ ကနေ ၅၀,၀၀၀ အကြားရှိပြီး တရုတ်နိုင်ငံအပြင် ဟောင်ကောင်၊ ဒူဘိုင်းနဲ့ စင်ကာပူနိုင်ငံတို့ကိုလည်း အထိုက်အလျောက် တင်ပို့ရောင်းချနေတာပါ။

သရက်သီးက export သီးနှံတွေထဲမှာ နံပါတ် ၄ နေရာမှာရှိပြီး ဒီနှစ်မှာ မြေဩဇာနဲ့ သရက်သီးစွပ်အိတ် သုံးစွဲမှုနည်းတာကြောင့် အရည်အသွေးကျဆင်းပြီး export တန်းဝင်သရက်သီး အထွက်နည်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

ဒ့ါအပြင် ပဋိပက္ခဖြစ်ပွားနေတဲ့ တချို့ဒေသတွေက သရက်ခြံတွေမှာ အသီးခူးဆွတ်ရခက်ခဲပြီး ပစ်ထားရတဲ့ အခြေ‎အနေတွေ ရှိနေတယ်လို့ သိရပါတယ်။

‌‌မြန်မာနိုင်ငံမှာ သရက်သီးကို တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းတို့မှာ အဓိကစိုက်ပျိုးပါတယ်။

Photo-ခွာညိုသစ်သီးပွဲရုံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013