DVB Logo
Home
မြန်မာသတင်း
မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသားများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ
DVB
·
March 31, 2022
မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသားများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် မြင်းခြံထောင်အတွင်းမှာ နိုင်ငံရေးအမှုနဲ့ မတရားဖမ်းဆီးခံရပြီး ထောင်ကျနေသူတွေဟာ အကျဉ်းသားအခွင့်အရေး ဆုံးရှုံးကာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ အကျဉ်းသားတွေဆီက သိရပါတယ်။

ဒီလို အကျဉ်းသားအခွင့်အရေး ဆုံးရှုံးမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေကို အကျဉ်းထောင်အတွင်း ထောင်ကျခံနေရသူတဦးက စာနဲ့ရေးသား ပြောပြလာတာပါ။

နိုင်ငံရေးအမှုနဲ့ ထောင်ကျနေသူတွေကို အကျဉ်းထောင်ဝန်ထမ်းတွေက ဆဲဆိုတဲ့အပြင် ရေဆွဲ၊ ပေါက်ပြားပေါက်၊ မိလ္လာဆွဲခိုင်းတာတွေ မညှာမတာ ခိုင်းစေနေပြီး ရေကောင်း ရေသန့် မသုံးရတာကြောင့် အကျဉ်းသားတွေ ယားနာ၊ ဝဲ စတဲ့ အရေပြားရောဂါတွေ ခံစားနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရာသီအကူးအပြောင်းမှာ အကျဉ်းသူ အကျဉ်းသားတွေဟာ နှာဆေး၊ ချောင်းဆိုး ဖျားနာတာတွေ ဖြစ်ကြပြီး ဆေးဝါးအစုံအလင် ကုမပေးဘဲ သက်တမ်းလွန်ထားတဲ့ ဆေးဝါးတွေနဲ့ ကုသပေးကာ အကျဉ်းထောင်ဝန်ထမ်းကို ငွေကြေးပေးထားတဲ့သူသာ ဆေးဝါးအကောင်းနဲ့ ကုသခွင့်ရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထောင်ကျခံနေရတဲ့ PDF တွေကိုလည်း “တယောက်ချင်း သတ်ပစ်မယ်။ နောက်ကျော ဆားပုံပြီး ရိုက်ပစ်မယ်။ စစ်ဖိနပ်အောက်ရောက်နေပြီ၊ အခု နင်တို့ ဘာတတ်နိုင်သေးလဲဆိုပြီး ခြိမ်းခြောက်ပါတယ်” လို့ ထောင်တွင်းကနေ ရေးသားပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

အကျဉ်းထောင်ဝန်ထမ်း တော်တော်များများ အကျင့်ပျက် ခြစားနေကြပြီး ထောင်မှာလိုအပ်တဲ့ တံမြက်စည်း၊ ရေပုံး၊ ပေါက်ပြား၊ ရုံးသုံးစာအုပ်၊ အကျဉ်းထောင်ဝန်ထမ်းတွေနေဖို့ အခန်းအတွက် ကောဇော၊ ထုံး၊ ဘိလပ်မြေကအစ ငွေကြေးတောင်းခံတဲ့အပြင် အခါကြီးရက်ကြီးတွေမှာ အကျဉ်းထောင်ဝန်ထမ်းတွေ စားဖို့အတွက် အလှူငွေကောက်တာတွေ လုပ်ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အကျဉ်းထောင်ဝန်ထမ်းနဲ့ ထောင်အရာရှိတွေက မူးယစ်မှုနဲ့ ရောက်လာသူတွေကို အခွင့်အရေးပေးတဲ့အတွက် မူးယစ်မှုနဲ့ ထောင်ကျနေသူတွေကလည်း နိုင်ငံရေးမှုနဲ့ ထောင်ကျနေသူတွေကို မတရားခိုင်းစေတာတွေ ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။

“တပ်ကြပ်တဦးကလည်း ဆေးမှုတွေကို လေးလေးစားဆက်ဆံဖို့ ပြောပါတယ်။ အဲ့ဒီတပ်ကြပ်ကပဲ ဆေးမှုတွေကြည့်ဖို့အတွက် 18+ ကား သွင်းပေးပါတယ်။ သူတို့ကြည့်နေရင် မပြောရဲကြပါဘူး။ နိုင်ငံရေးမှု အများစုက မိဘရင်ခွင်က ခွဲခွါကာစ ၁၈ နှစ်ပြည့်ကာစ ကျောင်းသား ကျောင်းသူ အများစုဖြစ်ပါတယ်။ အဲ့ဒီလို ကလေးတွေကို မကောင်းတဲ့ နည်းလမ်းတွေနဲ့ သိမ်းသွင်းနေတယ်လို့ ထင်ပါတယ်” လို့ အကျဉ်းသူတဦးက စာရေးသား ပြောပြထားပါတယ်။

နိုင်ငံရေးအမှုနဲ့ မတရားဖမ်းဆီးခံရပြီး ထောင်ကျနေသူတွေ အနေနဲ့ အစားသောက် အာဟာရ ပြည့်ပြည့်ဝဝ စားသုံးလိုကြပြီး ကောင်းမွန်တဲ့ ဆေးကုသမှု ရလိုကြတယ်လို့ သိရပါတယ်။

မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသားများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာနဲ့ ပတ်သက်လို့ ထောင်အာဏာပိုင်တွေဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ မတရား ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၀၀၀ ကျော် ရှိခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013