
မန္တလေးတိုင်း၊ မြင်းခြံမြို့၊ မြင်းခြံအကျဥ်းထောင်မှာ မေ ၂၂ ရက်ကနေ ဒီနေ့အထိ ရိုက်နှက် နှိပ်စက်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၈၀ ကျော်ရှိပြီး ရိုက်နှက်ခံထားရတဲ့ နိုင်ငံရေး အကျဥ်းသားတွေကို ဆေးကုသခွင့်မပေးတာကြောင့် ကျန်းမာရေးအခြေအနေ စိုးရိမ်နေရတဲ့အပြင် ထောင်ဝင်စာလည်း ပိတ်ထားတယ်လို့ သိရပါတယ်။
မြင်းခြံအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ၁၁ ဦးကို ခမရ ၁၅ တပ်က စစ်ကြောရေးတပ်ထဲကို ခေါ်ဆောင်သွားပြီး ရိုက်နှက်စစ်ဆေးခဲ့တာကြောင့် ကိုရာဇာထွန်းလွင် ကျန်းမာရေးအခြေအနေ စိုးရိမ်နေရတယ်လို့ မုံရွာ စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုရှင်းသန့်က ဆိုပါတယ်။
“သူတို့ကို စစ်ကြောရေးတပ်က စစ်ဆေးပြီး ထောင်ကိုပြန်ပို့တဲ့အချိန်မှာ ခန္ဓာကိုယ်မှာ အကုန်လုံးက ဓားနဲ့မွှမ်းထားတဲ့ ဒဏ်ရာတွေ၊ သွားတွေကျိုးနေတာမျိုးတွေထိ ရက်ရက်စက်စက် နှိပ်စက်ခံထားရတယ်။ ရစရာမရှိအောင် နှိပ်စက်ခံထားရတယ်။ ထောင်ထဲမှာ တိုက်ပိတ်ထားတယ်လို့လည်း သိရတယ်။”
မြင်းခြံထောင်တွင်းက နိုင်ငံရေးအကျဥ်းသား ၇၀ ကျော်ကိုလည်း ထောင်ပိုင်ကြီးရုံးခန်းထဲကို လက်ထိပ်ခတ် ခေါ်သွားပြီး မျက်နှာအဝတ်စည်း ရိုက်နှက် နှိပ်စက်ခဲ့တယ်လို့ သိရပါတယ်။
“အရင်တုန်းက ထောင်တွင်းတိုက်ပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့သူတွေ၊ တခုခုဆို ရှေ့ကထွက်ပြောတဲ့သူတွေကို ပြန်ခေါ်ထုတ်ပြီး ရိုက်နေတာတွေရှိတယ်။ ရေနဲ့ပက်ပြီး ကျဥ်စက်နဲ့တို့ပြီး နှိပ်စက်တယ်လို့ သိရတယ်” လို့ ကိုရှင်းသန့်က ပြောပါတယ်။
မြင်းခြံမြို့ ခမရ ၁၅ တပ်ထဲက စစ်ကြောရေးမှာ နှိပ်စက်စစ်ဆေးခံထားရသူ ၁၁ ဦးနဲ့ ထောင်တွင်းရုံးခန်းထဲမှာ နှိပ်စက်ခံထားရသူ ၇၀ ကျော် စုစုပေါင်း နိုင်ကျဥ်း ၈၀ ကျော်ကို ဆေးကုသခွင့်မပေးသလို ထောင်ဝင်စာ ၃ လပိတ်ထားတယ်လို့ သိရပါတယ်။
ရိုက်နှက်နှိပ်စက်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်နေရပြီး စစ်ကောင်စီတပ်ဘက်က သတင်းဖုံးဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။










