DVB Logo
Home
Lead Story
သခွတ်ပင်က မောင်ထွန်းသာ
DVB
·
March 30, 2022
သခွတ်ပင်က မောင်ထွန်းသာ
Donate to DVB

နွေဦးသစ်ရွက်လို လေနှင်ရာလွင့်ပါခဲ့ရတဲ့ ဖေကြီးဟာ အဘစောမူးသာတို့ ရွာမှာတော့ အတော်ကြာကြာကို ခိုနားဖြစ်ပါတယ်။ ရွာက အိမ်ခြေ တစ်ရာနီးပါးလောက်တော့ ရှိမယ်ထင်ရဲ့ ခင်ဗျ။ 

လယ်ကွင်းနဲ့ ယာခင်းနဲ့ တောနဲ့ တောင်နဲ့ နွေမှာတောင် ရေစပ်စပ်ရှိတဲ့ ချောင်းလေးနဲ့ သရက်ခြံတွေ၊ မရန်းခြံတွေ၊ ပိန္နှဲပင်တွေ၊  ကျွဲကောပင်တွေနဲ့အတူ ငှက်ပျောခြံတွေလည်း ရှိပါသဗျ။

သူ့ခြံထွက် ကိုယ့်လာပေး၊ ကိုယ့်ခြံထွက် သူ ခူးစားဆိုတဲ့ ဓလေ့လေးကလည်း ချစ်စရာဗျ။ “လူအမျိုးမျိုး အရောင်အထွေထွေ” ဆိုသလို “နီ ပြာ ဝါ စိမ်း” ကိုယ်ကြိုက်တာ ကိုယ်ဝတ်ဆင်ကြတာကိုလည်း တစေ့တစောင်း တွေ့မြင်ရပါတယ်ခင်ဗျ။

အရေးကြီးတာကတော့ “အရောင်တွေ” မဟုတ်ပါဘူး။ “မှန်” တာနဲ့ “မှား”တာကို ခွဲခြားပြီး သိဖို့ မြင်ဖို့သာ အရေးကြီးတာ မဟုတ်လား။ “ဓမ္မ” နဲ့ “အဓမ္မ” ကို “ရွေး”တတ်ဖို့သာ အရေးကြီးတာ မဟုတ်လား။ အစွန်းရောက်တယ်ဆိုတာ ဘယ်နေရာမှ မကောင်းပါဘူးနော်။

မှန်တာကို သိတဲ့လူ၊ တရားမှုနဲ့ မတရားမှုကို ကွဲကွဲပြားပြားသိတဲ့သူထဲမှာ အဘ စောမူးသာလည်း ပါပါသဗျ။ ခေတ်ကိုလဲ မျက်ခြေမပြတ် သတင်းတွေကိုလည်း သုံးသပ်တတ်တဲ့သူ အဘစောမူးသာနဲ့ စကားပြောရရင်တော့ စိတ်အားလည်း တက်ပါတယ်။ လူလည်း လန်းပါတယ်။ သူ့အရွှင်ဓာတ်ကလည်း ဘေးလူတွေကို ကူးစက်တော့ ရင်ကိုချောင်စေတယ်ဗျ။ 

နိုင်ငံတခုရဲ့ ဘယ်အဖွဲ့အစည်းမှာမဆို “ပညာတတ်တွေ” ရှိဖို့ သိပ်ကိုအရေးကြီးတယ်လို့လည်း သူ အမြဲပြောတတ်တယ်။

စကားစပ်မိရင်း တစ်နေ့ “ရဲတပ်သားသစ်တွေ” ခေါ်တဲ့အကြောင်း သူ ပြောပြတာလေးလည်း ကြားခဲ့ရပါသေးတယ်။

အရင်က ၈ တန်းလောက်တွေမှ ခေါ်ပြီးနောက်ပိုင်းမှာ ၆ တန်းလောက်အထိကို လျှော့ခေါ်တယ် ပြောတာပဲ။ အခုကျတော့ ၄ တန်းအောင်အထိကို နှိမ့်ပြီး ခေါ်နေပြီလို့ကြားကြောင်း သိရပါတယ်။ ပြည်သူတွေအားကိုးရမယ့် အဖွဲ့အစည်းကြီးတစ်ခုရဲ့တိုးတက်ထွန်းကားလာမှုပေါ့တဲ့ ဗျ။

“ဖေကြီးရေ . . ဆရာမလေး နော်ဆာစေးဖောသတင်း ကြားပြီးပြီလား”

“သူ မနေ့က မြို့ကိုသွားသေးတယ် ဆို”

ဒီရွာနဲ့ နယ်မြို့လေးနဲ့က မိုင် ၂၀ လောက် ဝေးသတဲ့ဗျ။ အဲသည်မြို့လေးမှာ ရဲစခန်းလေး ရှိတယ်၊ ဘဏ်ခွဲလေးတွေ ရှိတယ်၊ တွဲဘက် အထက်တန်းကျောင်း ရှိတယ်၊ ဆေးရုံငယ်လေးတခုလည်း ရှိပြီး အထူးကုဆေးခန်း နှစ်ခုလောက်လည်း ရှိတယ်လို့ သိရပါတယ်။ မြို့လေးနဲ့ ရွာကြား လမ်းတလျှောက်မှာတော့ “စစ်ဆေးရေးဂိတ်တွေ” လေး ငါး ခြောက်ခုတောင်မှ ရှိတာတဲ့ ခင်ဗျ။

“သူနဲ့ အဖော်ဖြစ်တဲ့ သူငယ်ချင်းမနဲ့မနေ့က မြို့ကိုသွားကြတော့ ‘အစစ်အဆေး နည်းနည်းကြမ်းတယ်’ လို့ နာမည်ထွက်နေတဲ့ ‘သခွတ်ပင်’ ဂိတ်မှာတဲ့ဗျား . . . ဟား ဟား ဟား ဟား ဟားဟား . . . . . . .”

အဘစောမူးသာကား ‘တဟားဟား’ ပါလားခင်ဗျာ။

“အဘစောမူးသာပြောမယ့် သခွတ်ပင်ဂိတ် သဲထိတ်ရင်ဖိုဇာတ်လမ်းကလေးကိုများ ကြားပါရစေလား . . . .ဟား ဟား ဟား ဟား ဟား ဟား”

မနေ့က နော်ဆာစေးဖော “သခွတ်ပင်ဂိတ်” နားရောက်တော့ ဆိုင်ကယ်အရှိန်ကို လျှော့ချလိုက်ပြီး လမ်းပေါ်ချထားတဲ့ မြွေလိမ်မြွေကောက် သံဆူးကြိုးတန်းတွေကို ဇောချွေးပြန်ပြီး သတိကြီးစွာနဲ့ ကွေ့ဝိုက်နေတုန်း ဗြုန်းဆို “ဟိတ် . . ရပ်စမ်း” ဆိုတဲ့ အမိန့်ပေးအသံနဲ့အတူ သေနတ်ပြောင်းတွေ သူတို့ရင်ဝတည့်တည့်ကို ပိုက်ချိန်ထားတဲ့ ကလေးသာသာ စစ်သားနှစ်ယောက် သူတို့ဆီ လျှောက်လာနေတာကို မြင်လိုက်တော့ ကြောက်လန့်ပြီး ခေါင်းတွေ ဘာတွေ ကြီးသွားပါသတဲ့။

“နင်တို့က ဘယ်ကိုသွားမှာလဲ”

 “ဆေး . . . ဆေးခန်းပြပါ ဆရာကြီး”

ချိန်ထားတဲ့ သေနတ်ပြောင်းဝကြီးရယ်၊ ခက်ထန်မာကြောလှတဲ့ စစ်မေးမှုတွေရယ်၊ ဟိုဘက်ရက်ကပဲ သည်ဂိတ်မှာ သူ့မောင်လေးနဲ့ သူငယ်ချင်းတွေ နေပူပူ လမ်းမပူပူကြီးပေါ်မှာ “ဖားခုန်” ဆိုလား “လေထီးခုန်” ဆိုလား အပြစ်ပေးခံခဲ့ကြရလို့ အိမ်ပြန်ရောက်တော့ ကိုင်ရိုက်ထားသလိုနာကျင်နေပြီး သုံးလေးရက်လောက် ဆေးလိမ်း ဆေးသောက်လုပ်ယူခဲ့ရတာတွေရယ်ကို ပေါင်းလိုက်တော့ အရမ်း အရမ်းကို တုန်လှုပ်တော့တာပေါ့ တဲ့။

လက်မောင်းမှာ ဘာအရစ်မှမရှိတဲ့သူ တွေကိုလည်း “ဆရာကြီး” လို့ ခေါ်မိလိုခေါ်မိ၊ “ဘဏ်” သွားမယ့်ဟာကိုလည်း “ဆေးခန်းပြပါ” လို့ ဖြေမိလိုဖြေမိနဲ့ အယောင်ယောင်အမှားမှား တဲ့ခင်ဗျ။ ဖြေပြီးမှ သူ မှားသွားမှန်းသိလိုက်ပြီး ပြန်ပြင်ပြီးဖြေဖို့လည်း မဖြစ်နိုင်တော့ဘူး။ အဲသည်အချိန်မှာပဲ “ဆရာကြီး” ဆီက မေးခွန်းတွေဆင့် လာပြန်ပါတော့သတဲ့။

 “ဟိတ် . . နင်တို့ ဘယ်ဆေးခန်းကို သွားမှာလဲ . . ဆေးခန်းစာအုပ်ပြစမ်း”

 “ဟုတ် . . . ဟုတ် . . . ဟုတ် ကဲ့ပါ ဆ . . . ဆ . . . ရာကြီး . . .”

တုန်တုန်ယင်ယင်နဲ့ လက်ပွေ့အိတ်ထဲကိုနှိုက်ပြီး လက်ထဲပါလာတဲ့ ဘဏ်စာအုပ်ကလေးကို ဆရာကြီးထံ ရိုရိုသေသေ အယောင်ယောင်အမှားမှားနဲ့ ပေးလိုက်မိပြန်ပါသတဲ့ ခင်ဗျာ။ ပေးပြီးမှပဲ “မှားသွားပြန်ပြီ” ဆိုပြီး ခေါင်းတွေကြီးလာပြန်ကာ ရင်တွေလည်း “တဒုန်းဒုန်း” တုန်ယင်လာပြန်ပါသတဲ့။

“ဆရာမလေး နော်ဆာစေးဖော ထုတ်ပေးလိုက်တဲ့ ဘဏ်စာအုပ်ကလေးကို ဆရာကြီးတွေက ဟိုလှန်လိုက် သည်လှန်လိုက် ဖင်ပြန်ခေါင်းပြန်ကြည့်လိုက် စစ်ဆေးလိုက်လုပ်ပြီးတော့ စာအုပ်ပြန်ပေးရင်း “အေး . . . ရပြီ . . . ရပြီ . . .သွားကြတော့ " လို့ ပြောပါသတဲ့ဗျား . .ဟား ဟား ဟားဟား ဟားဟား . . .”

“ဘုရား  ဘုရား  ဘုရား”

ဖေကြီး (လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013