
အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲကို နောက်တကြိမ်ထပ်ရောက်ချိန်မှာပဲ မာရာဒိုနာ လက်နဲ့ သွင်းခဲ့တဲ့ Hand of God ဘောလုံးကို နယူးယောက်မြို့မှာ လေလံမယ်ဆိုတဲ့ သတင်းတွေထွက်လာပါတယ်။
၁၉၈၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ အင်္ဂလန်အသင်းကို လက်နဲ့ ဂိုးသွင်းယူခဲ့တဲ့ မာရာဒိုနာရဲ့ Hand of God ဘောလုံးကို ဒေါ်လာ ၂ သန်းခွဲနဲ့ လေလံစဖွင့်မှာပါ။
ဒီဘောလုံးဟာ စုဆောင်းသူတွေအတွက် စုဆောင်းဖို့ အကောင်းဆုံး ပစ္စည်း ၁ ခုဖြစ်တယ်လို့ လေလံတင်သူတွေက ဆိုပါတယ်။
၂၀၂၂ ခုနှစ်တုန်းက Hand of God ဂိုးလို့ နာမည်ကြီးခဲ့တဲ့ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ မာရာဒိုနာရဲ့ အင်္ကျီကို ဒေါ်လာ ၉ ဒသမ ၂ သန်းနဲ့ ရောင်းချနိုင်ခဲ့တာကြောင့် အခုဘောလုံးကလည်း အဲ့ဒီလို ဈေးမြင့်တက်နိုင်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ဒီလို ဘောလုံးမျိုးအရင်က ရောင်းချခဲ့ဖူးတာမျိုးမရှိလို့ တိုက်ရိုက်နှိုင်းယှဉ်စရာ လေလံပစ္စည်းမရှိတဲ့အတွက် သူ့ရဲ့ ဈေးနှုန်းရရှိနိုင်မှုကို ခန့်မှန်းလို့ မရနိုင်ဘူးလို့လည်း လေလံကျွမ်းကျင်သူ မိုက်က ပြောပါတယ်။
မိုက်ရဲ့ ပြန်ပြောချက်အရ အာဂျင်တီးနား- အင်္ဂလန်ပွဲ မာရာဒိုနာလက်နဲ့သွင်းခဲ့တဲ့ ဘောလုံးပေါ်မှာ ပွဲတာဝန်ယူခဲ့တဲ့ အကူဒိုင်တွေရဲ့ လက်မှတ်တွေ ရေးထိုးကာ ကွင်းလယ်ဒိုင်က သိမ်းဆီးထားခဲ့တာလို့ သိရပါတယ်။
လက်ရှိဘောလုံးပိုင်ဆိုင်သူက လေလံကုမ္ပဏီကို ရောင်းချခဲ့တာဖြစ်ကာ ဒီဘောလုံးဟာ ၁၉၈၆ ခုနှစ်က ဘောလုံးဟုတ်မဟုတ်ဆိုတာ ဓာတ်ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုထားပါတယ်။
အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပနေချိန် ဘောလုံးအားကစားနဲ့ဆိုင်တဲ့ အမှတ်တရပစ္စည်း လေလံရောင်းချမှုနဲ့ စုဆောင်းမှုကလည်း အချိန် ကိုက် စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။
အထူးသဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ဗိုလ်လုပွဲရောက်ရှိ လာမှုနဲ့အတူ အာဂျင်တီးနားအသင်းနဲ့ ဆိုင်တဲ့ ဒီဘောလုံးကလည်း လေလံမှာ အကျိုးအမြတ် အများကြီးရဖွယ်ရှိပါတယ်။
Hand of God ဘောလုံးကို ဩဂုတ်လ ၂၁-၂၃ လေလံပတ်မှာ လေလံတင်ရောင်းချမှာဖြစ်ပါတယ်။
Source:Reuters










