DVB Logo
Home
မြန်မာသတင်း
ပုဂ္ဂလိကဘဏ်များအတွက် ဖြေလျှော့ပေးထားမှု သက်တမ်းထပ်တိုး
DVB
·
March 29, 2022
ပုဂ္ဂလိကဘဏ်များအတွက် ဖြေလျှော့ပေးထားမှု  သက်တမ်းထပ်တိုး
Donate to DVB

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေအတွက် ဖြေလျှော့ပေးထားတဲ့ မြန်မာကျပ်ငွေဖြင့်ထားရှိရမယ့် အနည်းဆုံးသီးသန့်ငွေသား လိုအပ်ချက် အချိုးကို အချိန်တနှစ် သက်တမ်း ထပ်တိုးလိုက်တဲ့အကြောင်း မတ်လ ၂၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာထားပါတယ်။

ဘဏ်တွေရဲ့ ငွေသားစီမံခန့်ခွဲမှု ကောင်းမွန်စေဖို့နဲ့  ဘဏ်စနစ်အတွင်း ငွေကြေးလုံလောက်မှုကို ပိုမိုအထောက်အကူပြုစေရန်အတွက် ဘဏ်တွေက မြန်မာကျပ်ငွေနဲ့ ထားရှိရမယ့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက် အချိုးတွက်ချက်မှုကို ဘဏ်တွေရဲ့ငွေ စာရင်းရှင်အပ်ငွေ (CAB) အပြင် ဘဏ်တွေလက်ဝယ်ရှိ ငွေသား (Cash at Bank) ကို ထည့်သွင်းတွက်ချက်တဲ့ တွက်ချက်မှုပုံစံသစ်ကို ဗဟိုဘဏ်က ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်အရ မြန်မာကျပ်ငွေနဲ့ထားရှိရမယ့် အနည်းဆုံးသီသန့်ငွေလိုအပ်ချက်အချိုး ၃ ရာခိုင်နှုန်းရဲ့ ၇၅ ရာခိုင်နှုန်း (၂ ဒသမ ၂၅ ရာခိုင်နှုန်း) ကို ဘဏ်တွေရဲ့ စာရင်းရှင်အပ်ငွေ အနေနဲ့ ထားရှိရမှာဖြစ်ပြီး အနည်းဆုံးသီးသန့်ငွေ လိုအပ် ချက်အချိုး ၃ ရာခိုင်နှုန်းရဲ့ ၂၅ ရာခိုင်နှုန်း ( သုည ဒသမ ၇၅ ရာခိုင်နှုန်း) ကို လက်ဝယ်ရှိ ငွေသားအနေနဲ့ ထားရှိကြရမှာ ဖြစ်ပါတယ်။

ဗဟိုဘဏ်က အခုလိုဆောင်ရွက်တဲ့အပေါ် ဘဏ်နှင့်ငွေကြေးဆိုင်ရာကျွမ်းကျင်သူတဦးက “ဘဏ်တွေမှာ လက်ဝယ်ငွေ သားထားရှိမှုနဲ့ပတ်သတ်ပြီး ဗဟိုဘဏ်မှာ deposit တင်ရတယ်နော်။ အရင်က သတ်မှတ်ထားက ၅ ရာခိုင်နှုန်းပေါ့။ အဲ့ဒီကနေ ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့တယ်။ ဒီ့နောက် ၃ ရာခိုင်နှုန်းအထိ ထပ်မံဖြေလျှော့ပေးခဲ့တာ တွေ့ရ တယ်။ အခု နောက်ဆုံးညွှန်ကြားချက်အရ ၃ ရာခိုင်နှုန်း၏ သုည ဒသမ ၇၅ ရာခိုင်နှုန်းအထိသာ ထားတော့ ဆိုပြီး ပေးလိုက် တယ်။ ဆိုလိုတာက ငါတို့ဆီမှာ ၃ ရာခိုင်နှုန်းစလုံး လာမထားကြနဲ့တော့။ ၃ ရာခိုင်နှုန်းရဲ့ သုည ဒသမ ၇၅ ရာခိုင်နှုန်းသာ လာထားကြ။ ကျန်ရှိတဲ့ ၂ ဒသမ ၂၅ ရာခိုင်နှုန်းကိုတော့ မင်းတို့ဘဏ်တွေဆီမှာပဲ ထားကြ၊ ဆိုတဲ့ သဘောပါ။ ဘာကြောင့် လဲဆို ငွေသားလိုလို့ရှိရင် ဘဏ်တွေက ဗဟိုဘဏ်ဆီမှာ ပြန်တောင်းကြလို့ ဗဟိုဘဏ်ကလည်း သူ့ဆီမှာ လာမတောင်းနဲ့ မင်းတို့ ဆီမှာ လက်ဝယ်ထားရှိတဲ့ ငွေသားနဲ့ ရှင်းပေးကြ ဆိုပြီး လုပ်တဲ့ သဘောပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့အချိန်ကစပြီး  လက်ရှိအချိန်အထိ ပြည်တွင်းဘဏ်တွေမှာ အပ်နှံထားရှိတဲ့ ငွေစာရင်းပိုင်ရှင်တွေဟာ မိမိပိုင်ငွေကြေးကို လွယ်လင့်တကူထုတ်ယူနိုင်မှု မရှိသေး ပါဘူး။

ဒီအခြေအနေအပေါ် စီးပွားရေးသုတေသီတဦးက “မြန်မာပြည်မှာ ဘာပဲလုပ်လုပ် ငွေသားနဲ့ပဲ ငွေသားနဲ့ပဲ ဆိုပြီး ဖြစ်နေတာက ဘဏ်တွေအပေါ် အယုံအကြည်မရှိတော့လို့။ ဒါကြောင့် ဘဏ်မှာ ငွေစုမယ့်သူ မရှိတော့ဘူး။ ငွေထုတ်ချင်တဲ့ သူတွေပဲ ရှိနေတယ်။ အကုန်ပေးထုတ်လိုက်ရင်လည်း အဲ့ဒီ့ဘဏ် မရပ်တည်နိုင်တော့ဘူး။ ဘာလို့လဲဆို ပြည်တွင်းဘဏ်အများစုက စုဆောင်းငွေ အပေါ် အတိုးပေးပြီး တဆင့် ပြန်ချေးငှားတဲ့ ဝန်ဆောင်မှုကို ပေးနေကြတာလေ။ အဲ့ချေးငှားထားတဲ့ ငွေတွေက အခုအချိန်အထိ အတိုး၊အရင်း ပြန်မရကြသေးဘူး။ ဆိုတော့ ဘဏ်တွေမှာ နဂိုကတည်းက အကြပ်အတည်း ရှိနေတာ။ အဲ့အချိန်မှာ စစ်တပ်က အာဏာသိမ်းလိုက်တော့ လူထုက မိမိစုဆောင်းထားတဲ့ ငွေတွေ ဆုံးရှုံးမှာ စိုးရိမ်တာကြောင့် ငွေသားကို ထုတ်ယူဖို့ ပြင်ဆင်လာရာမှာ ဘဏ်တွေကလည်း လွယ်လင့်တကူ ထုတ်လို့ မရအောင် ကြိုးပမ်းလာတာပဲ။ ဒါပေမယ့် ဘဏ် နဲ့ ငွေထုတ်ယူမယ့်သူအကြားမှာ သမရိုးကျ နည်းလမ်းမဟုတ်တဲ့ ရာခိုင်နှုန်းတခုပေးပြီး ထုတ်ယူလိုရတဲ့ လမ်းကြောင်းကြီးတခုက ပေါ်လာပြီး အခုအချိန်အထိ ရှိနေတုံးပဲ။ ဒီတော့ နဂို ပုံမှန် အခြေအနေ ပြန်ရောက်ဖို့က နိုင်ငံရေးတည်ငြိမ်မှု ရမှပဲ ငွေသားလည်ပတ်စီးဆင်းမှု နဲ့ ငွေကြေး တန်ဖိုးက ခိုင်မာလာမှာနော်” လို့  ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီခန့် ပြန်ကြားရေးဒုဝန်ကြီးက မိမိတို့လက်ထက်မှာ မြန်မာကျပ်ငွေ တန်ဖိုး လျှော့ကျလာတာကို ဝန်ခံထားပြီး ကျပ်ငွေ တန်ဖိုး ပြန်လည်ခိုင်မာလာအောင်နဲ့ ငွေသားလည်ပတ်စီးဆင်းမှု ကောင်းမွန်လာဖို့ လုပ်ဆောင်သွား မယ်လို့ ပြောဆိုထားတာရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013