DVB Logo
Home
မြန်မာသတင်း
တဖတ်သတ်အပစ်ရပ်ထားကြောင်းစစ်ခေါင်းဆောင်က ပြောနေချိန် လေတပ်က ကရင်ပြည်နယ်အတွင်း ဗုံးကြဲတိုက်ခိုက်
DVB
·
March 28, 2022
တဖတ်သတ်အပစ်ရပ်ထားကြောင်းစစ်ခေါင်းဆောင်က ပြောနေချိန်  လေတပ်က ကရင်ပြည်နယ်အတွင်း ဗုံးကြဲတိုက်ခိုက်
Donate to DVB

တဖတ်သတ် အပစ်အခတ်ရပ်စဲထားကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က နေပြည်တော်မှာ မိန့်ခွန်းပြောနေချိန် ကရင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။ 

မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့မှာ စစ်ကောင်စီလေတပ်က တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ဒေးဘူးနိုကျေးရွာကို ဗုံး ၄ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး လူနေအိမ်နဲ့ အဆောက်ဦအချို့ ပျက်စီးခဲ့ရပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ သေ့ဘောဘိုးအနီး ဘလယ်ဒိုကျေးရွာအနီး မွန်းလွဲ ၁ နာရီခွဲနဲ့ ၅ နာရီကျော်လောက် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

အခုလို ကရင်ပြည်နယ်ထဲမှာ  မြန်မာစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာအပါအဝင် အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အပေါ် နိုင်ငံတကာကရင်အဖွဲ့အစည်းတွေက ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ယူကေ၊ အမေရိကန်နဲ့ ကနေဒါတို့က အာဏာသိမ်းစစ်ကောင်စီလေတပ်အား ပစ်မှတ်ထား ပြီး ပိတ်ဆို့အရေးယူမှုအသစ်တွေချမှတ်တဲ့အပေါ် ကြိုဆိုကြောင်းနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ရပ်တန့်ရေးအတွက်  မြန်မာနိုင်ငံကို လေယာဉ်ဆီထောက်ပံ့တာ ရပ်တန့်ဖို့လည်း နိုင်ငံတကာ ကရင်အဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။

အရပ်ဘက်ကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တာဖြစ်သလို စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တာဖြစ်တဲ့အတွက် ဒီရာဇဝတ်မှုတွေအတွက် တာဝန်ခံရမယ်လို့ ကရင်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို မီးရှို့၊ ရွာသားတွေကို ဖမ်းဆီး သတ်ဖြတ် လေယာဉ်တွေ အမြောက်တွေနဲ့ နေ့စဉ်လိုလို ပစ်ခတ်တိုက်ခိုက်နေပေမဲ့ အာဏာ သိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့  တပ်မတော်အနေနဲ့  ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ ကစပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ၄ နှစ်ကျော်ကာလ တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားတယ်လို့  မတ်လ ၂၇ ရက်နေ့က နေပြည်တော်မှာ မိန့်ခွန်း ပြောကြားခဲ့ ပါတယ်။

အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ထောက်ခံပံ့ပိုးနေတဲ့ အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးမှာမဟုတ်ဘဲ နှိမ်နင်းသွားမှာဖြစ်ကြောင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့လည်း အကြမ်းဖက်လုပ်ရပ်တွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ပေးတာတွေ မလုပ်ကြဖို့နဲ့ ဥပဒေဘောင်အတွင်းမှာနေထိုင်ကြဖို့ စစ်ခေါင်းဆောင်က  တိုက်တွန်းလိုက်ပါတယ်။

လက်ရှိ ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၁၅၀,၀၀၀ လောက်ရှိပြီး အများစုဟာ လေကြောင်း တိုက်လိုက်မှုကြောင့် အိုးအိမ်စွန်ခွာ ထွက်ပြေးနေရကာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာ အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတကာအနေနဲ့ စစ်ဘေးရှောင်အရပ်သားတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုမိုပံ့ပိုးပေးဖို့နဲ့ နိုင်ငံတကာ NGO တွေအနေနဲ့ နယ်စပ်ဖြတ်ကျော် အကူအညီကနေတဆင့် ပြည်တွင်းကရင်အဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ မေတ္တာ ရပ်ခံထားပါတယ်။

ဒါ့အပြင် ထိုင်းအစိုးရအနေနဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပဋိပက္ခဇုန်တွေဆီ ပြန်ပို့တာရပ်ပြီး လုံခြုံတဲ့အချိန်အထိ ထိုင်းနိုင်ငံမှာ နေခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013