DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ၏ စီးပွားရေးမူဝါဒ မအောင်မြင်နိုင်ဟု စီးပွားရေးပညာရှင်များ ထောက်ပြ
DVB
·
March 25, 2022
စစ်ကောင်စီ၏ စီးပွားရေးမူဝါဒ မအောင်မြင်နိုင်ဟု စီးပွားရေးပညာရှင်များ ထောက်ပြ
Donate to DVB

နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူခံနေရတဲ့ စစ်ကောင်စီရဲ့ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအစီအစဉ်နဲ့ တကိုယ်တည်းသီးခြား ရပ်တည်နေထိုင်ရေးမူဝါဒက ဒီနေ့ခေတ်မှာ အသုံးမဝင်တာကြောင့် အောင်မြင်ဖို့ မဖြစ်နိုင်ဘူးလို့ သုတေသီတွေက ထောက်ပြ ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်က နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူး အလေးထား ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ နိုင်ငံသာယာဝပြောရေးနဲ့ စားရေရိက္ခာဖူလုံရေး အဓိက ရည်မှန်းချက်ထား ဆောင်ရွက်နေတယ်လို့ နေပြည်တော်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အစည်းအဝေးမှာ ပြောခဲ့တာပါ။

ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ စစ်ခေါင်းဆောင် ပြောဆိုခဲ့သလို ဖြစ်နိုင်ဖို့က ခေတ်ကာလ အခြေအနေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ပြည်ပရောက် စီးပွားရေးပညာရှင်တဦးက သုံးသပ်ပြောပါတယ်။

“အရင်ခေတ်တုန်းကတော့ ရရင်ရမှာပေါ့နော်။ ဒါပေမဲ့ ၁၉၉၀ နောက်ပိုင်းမှာ ကမ္ဘာကြီးက ပြောင်းသွားပြီလေ။ ဘယ်လိုပြောင်းသွားလဲဆိုရင် Globalization ကမ္ဘာလုံးဆိုင်ရာ ပေါင်းစပ်မှုပေါ့။ အဲ့တော့ ဒီခေတ်မှာ အထီးကျန်နေခြင်းအားဖြင့် ဘာဖြစ်မလဲဆိုရင် မြောက်ကိုရီးယား၊ ကျူးဘား နိုင်ငံတွေကို ကြည့်ရင် မြင်နိုင်တယ်နော်။ သူတို့ဆို အထီးကျန်နေတာပဲ၊ ဆိုတော့ ကမ္ဘာကြီးနဲ့ အဆင်မပြေဘူးလေ။ အဆင်မပြေတော့ မအောင်မြင်ဘူး။ ဘာလို့လဲဆို အခုက အပြန်အလှန်မှီခိုတဲ့စနစ် ဖြစ်သွားပြီ။ အပြန်အလှန်မှီခိုတဲ့စနစ် ဖြစ်တာကြောင့် ကိုယ်တယောက်တည်း အထီးကျန်နေဖို့ ဆိုတာက ဘယ်လိုမှ မလွယ်ဘူး။ နအဖ၊ နဝတ ၁၉၉၀ ပြည့်နှစ် ခေတ်တုန်းကလည်း စီးပွားရေးပိတ်ဆို့တာကို ဂရုမစိုက်ဘူးလို့ သူတို့ပြောခဲ့တာပဲလေ။ အဲ့တုန်းကတော့ မြန်မာပြည်က သယံဇာတတွေ ရှိသေးတယ်နော်။ ဒါကြောင့် ကျွန်းသစ်တွေ ထုတ်ရောင်းခဲ့လို့ သစ်တောတွေလည်း ပြောင်ကုန်ပြီ။ ပြီးတော့ ကျောက်စိမ်းတွေ ထုတ်ရောင်းခဲ့တယ်။ ဆိုတော့ နအဖ၊ နဝတ ခေတ်တလျှောက်လုံးပေါ့၊ နှစ်ပေါင်း ၂၀ လောက်မှာ အဲ့ဒီ သယံဇာတတွေကို ထုတ်ရောင်းခဲ့တာ။ အခုလည်း ထုတ်ရောင်းဦးမယ်ဆိုတော့ အနာဂတ်မျိုးဆက်အတွက် ဘာကျန်တော့မှာလဲ။ ဒါပေမဲ့ သူတို့ကတော့ ထုံးစံအတိုင်း စီးပွားရေးက ဘာမှလုပ်မရရင် သဘာဝသယံဇာတကို မှီတဲ့ စီးပွားရေးပဲ လုပ်မှာပေါ့။ အဲ့တော့ ပြဿနာက ဘာရှိလဲဆိုရင် အနာဂတ်မျိုးဆက်အတွက် ဘာသယံဇာတမှ ကျန်မှာမဟုတ်တော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

အလားတူ စီးပွားရေးသုတေသီတဦးကလည်း “ကျနော်ထင်တာကတော့ သူတို့ရဲ့ အဓိက စဉ်းစားချက်က ကိုယ့်ဘာသာ ဖူလုံရေးပေါ့နော်။ နောက်တချက်က စစ်အစိုးရ ဆိုတာမျိုးက သူတို့က တည်ငြိမ်ရေးကို ကြည့်တော့ ထမင်းမငတ်အောင် ကျွေးထားရင် ဆန်နဲ့ ဆီ ဖူလုံအောင် ထုတ်နိုင်ရင် ရပြီဆိုတဲ့ စဉ်းစားချက်မျိုးလည်း ရှိနိုင်တယ်။ ပြီးတော့ အခုနဲ့ အရင် အခြေအနေက မတူတော့ဘူး။ အရင်တုန်းက ၁၉၈၈ လုံးဝပိတ်ထားတာကနေ စီးပွားရေးတံခါး ဖွင့်လိုက်တယ်နော်။ တံခါးဖွင့်လိုက်တဲ့အခါ အခွင့်အလမ်းတွေက ပွင့်နေတယ်။ လူတွေအားလုံးကလည်း ဖွင့်လိုက်တဲ့အပေါ်မှာ ကြိုးစားပြီးတော့ လုပ်ချင်တဲ့ ဆန္ဒမျိုးတွေ ရှိကြတယ်။ ဒါက အရင်အခြေအနေပေါ့။ အခုအခြေအနေကတော့ အဲ့လို မဟုတ်ဘူးဗျ။ တကမ္ဘာလုံးမှာ အကုန်လုံးက ကျပ်တည်းနေကြတဲ့ အခြေအနေဆိုတော့ ကိုယ်က တံခါး ဘယ်လောက်ဖွင့်ဖွင့် လာချင်မှလာမှာနော်” လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ နိုင်ငံတော်ရဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံတဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို ခေတ်မီနည်းစနစ်တွေနဲ့ ပိုမိုဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ပြီး တခြားစီးပွားရေးကဏ္ဍတွေကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက် အောင်တည်ဆောက်ဖို့ စီးပွားရေးဦးတည်ချက်ချမှတ်ဆောင်ရွက်နေပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကလည်း လက်ရှိနိုင်ငံမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးထုတ်ကုန်ပစ္စည်းတွေ အထွက်နှုန်းကောင်းပြီး စံချိန်မီ အရည်အသွေးရှိတဲ့ ဈေးကွက်ဝင်ကုန်ပစ္စည်းတွေ ဖြစ်လာစေဖို့ ကြိုးပမ်းဆောင်ရွက်ကြဖို့ ဘဏ္ဍာငွေတွေသုံးစွဲရာမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေ စနစ်တကျ အကျိုးရှိရှိသုံးစွဲကြဖို့ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အစည်းအဝေးမှာ ပြောပါတယ်။  

လက်ရှိအခြေအနေအရ ပြည်ပပို့ကုန်တိုးမြှင့်ရေးနဲ့ ပြည်ပသွင်းကုန်တွေ စိစစ်တင်သွင်းရေးကို အလေးထားဆောင်ရွက်နေတာကြောင့် ပြည်ပ သွင်းကုန်အစားထိုးနိုင်မယ့် အရည်အသွေးပြည့်မီတဲ့ ပြည်တွင်းထုတ်ကုန်တွေ တိုးတက် ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ကြဖို့လည်း စစ်ခေါင်းဆောင်က ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013