DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ ချွန်းပူးရီးစက္ကူစက်ရုံ၌ မြန်မာလုပ်သား ၃၀၀ ကျော် ဆန္ဒပြ
DVB
·
March 25, 2022
ထိုင်းနိုင်ငံ ချွန်းပူးရီးစက္ကူစက်ရုံ၌ မြန်မာလုပ်သား ၃၀၀ ကျော် ဆန္ဒပြ
Donate to DVB

ထိုင်းနိုင်ငံအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ဆီရီရားချားမြို့ရှိ Shun Yi ကုမ္ပဏီပိုင် စက္ကူစက်ရုံထဲမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေလို့ ရာနဲ့ချီတဲ့ အလုပ်သမားတွေ မခံမရပ်နိုင်ဖြစ်ပြီး မတ်လ ၂၄ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
အဆိုပါစက်ရုံမှာ အချိန်ပိုလုပ်အားခ အပြည့်အဝမရတာ၊ အလုပ်သမား စာရွက်စာတမ်း အထောက်အထားတွေ လုပ်ပေးတာ ကြန့်ကြာတာ၊ ခွဲခြားဆက်ဆံခံရတာ စတဲ့ပြဿနာတွေ နှစ်ရှည်လများ ကြာခဲ့ပေမဲ့ အလုပ်သမားတွေက သည်းခံခဲ့ကြကြောင်း၊ မနေ့ကတော့ အလုပ်သမားတချို့ကို ကြိုတင်အသိမပေးဘဲ ရုတ်တရက် အလုပ်ထုတ်ပစ်သလို အဆောင်မှာ နေခွင့်မပြု သူတို့ပစ္စည်းတွေကို အပြင်ဆွဲထုတ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ အလုပ်သမား ကိုမျိုးအေးက ဒီဗွီဘီကို ပြောပါတယ်။
“နားရက်ရောက်ရင် ပတ်စ်ပို့တွေယူလာပြီး လက်မှတ်လာထိုးဖို့ ပြောတယ်။ ရုံးခန်းထဲရောက်ရင် ဒီတယောက်ကို ယူမယ်။ ဒီတယောက်မယူဘူး ဆိုပြီး အလုပ်တန်းဖြုတ်ပစ်တာ၊ အခန်းထဲလည်း မပေးနေတော့ဘူး။ သူတို့ခန့်ထားတဲ့ လုံခြုံရေးက လာပြီး အဝတ်အစားတွေ ပစ္စည်းတွေကို အပြင်ထုတ်ပစ်တယ်၊ အကြောင်းပြချက်က အလုပ်မှန်မှန် မဆင်းဘူးပေါ့၊ ကျနော်တို့ မကျေနပ်တာက ကြိုတင်အသိမပေးဘဲ ရုတ်တရက် အလုပ်ဖြုတ်ပစ်တာကိုပါ၊ အဲဒီလို အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမား ၁၀ ယောက်လောက်ရှိပါတယ်၊ အဲဒါကြောင့် မနေ့မနက်ကစပြီး တနေကုန် အလုပ်မဆင်းဘဲ ဆန္ဒပြတယ်။”
အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမား သံအရာရှိ၊ မြန်မာသံရုံးတွေဆီ ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဖုန်းမကိုင်ကြကြောင်း၊ ဒါကြောင့် AAC အလုပ်သမားကူညီရေး မဟာမိတ်အဖွဲ့ကို ဖုန်းဆက်ရာမှာ သူတို့အဖွဲ့ကလည်း အဝေးမှာရှိနေတာကတကြောင်း၊ ကိုဗစ်-၁၉ ကာလ ခရီးသွားလာရ အခက်အခဲရှိလို့ ဖုန်းထဲကနေ အကြံဉာဏ်တွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး AAC အလုပ်သမားကူညီရေး မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက အလုပ်သမားတွေအနေနဲ့ ဘောင်ဝင်အောင် တောင်းဆိုဖို့ လိုအပ်ကြောင်း အကြံပေးခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“အခွင့်အရေး တောင်းလို့ရတဲ့ဟာတွေ တောင်းလို့မရတဲ့ဟာတွေကို ပြောပြခဲ့ပါတယ်၊ အလုပ်သမားဘက်က သူတို့ဟာ အနှိမ်ခံရတာ၊ အဟောက်ခံရတာတွေပါ ပြောတာပေါ့နော်၊ အဓိကကတော့ ဘောင်ထဲကနေ တောင်းဆိုလို့ရတဲ့ဟာ ဥပမာ နေမကောင်းရက်၊ ပုံမှန်နားရက်မှာ လစာမဖြတ်ဖို့၊ အလုပ်ဖြုတ်မယ်ဆို ကြိုတင်အကြောင်းကြားဖို့၊ အလုပ်သမားကတ် စာရွက်စာတမ်းတွေကို အချိန်မီလုပ်ပေးဖို့၊ ကွာရန်တင်းဝင်ရတဲ့ အလုပ်သမားတွေ စားရေးသောက်ရေး အဆင်ပြေအောင် ညှိနှိုင်းပေးဖို့၊ ခွဲခြားဆက်ဆံမလုပ်ဖို့ စသဖြင့်ပေါ့ အဲလိုတောင်းဆိုဖို့ လမ်းညွှန်ပေးခဲ့ပါတယ်ခင်ဗျ။”
အလုပ်သမားတွေကလည်း AAC ရဲ့ လမ်းညွှန်ချက်အတိုင်း တောင်းဆိုချက် ၇ ချက်ကို တင်ပြခဲ့ကြောင်း၊ ဆန္ဒပြတဲ့စက်ရုံရှိရာကို နယ်မြေခံရဲ၊ အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေ ရောက်လာကြပြီး အလုပ်ရှင်နဲ့ အလုပ်သမား ညှိနှိုင်းရာမှာ အလုပ်ရှင်ဘက်က တောင်းဆိုချက်တွေ လိုက်လျောမယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီကနေ့မှာ အလုပ်ဖြုတ်ထားတဲ့ အလုပ်သမားတွေကို ပြန်မခန့်တဲ့အပြင် နောက်ထပ် ၂ ယောက်ကိုလည်း ထပ်ပြီး အလုပ်ဖြုတ်လိုက်တယ်လို့ သိရပါတယ်။
မနေ့က စက်ရုံမန်နေဂျာက အလုပ်သမားတွေကို ဆန္ဒမပြဖို့၊ နောက်တခါ ဆန္ဒပြရင် ရဲခေါ်ပြီး ဖမ်းလိုက်မယ်လို့ ခြိမ်းခြောက်ထားပေမယ့် အလုပ်သမားတွေကတော့ ရွေးစရာလမ်းမရှိလို့ ဆန္ဒဆက်ပြရမှာဖြစ်ကြောင်း၊ ဖြစ်နိုင်ရင်တော့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးအနေနဲ့ လာရောက်ကူညီ ဖြေရှင်းပေးစေလိုတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
အဆိုပါစက်ရုံမှာ မြန်မာလုပ်သားပေါင်း ၃၀၀ ကျော်ရှိပြီး MOU အလုပ်သမားတွေရော၊ CI ကတ်ကိုင် အလုပ်သမားတွေပါ ပါဝင်ပါတယ်။

ဓာတ်ပုံ - AAC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013