DVB Logo
Home
မြန်မာသတင်း
ဓာတ်ဆီနှင့်သွင်းအားစုဈေးမြင့်တက်သဖြင့် စစ်ကိုင်းတိုင်း၌ စိုက်ဧကစုစုပေါင်း၏ ၂၀ ရာနှုန်းခန့်သာ စိုက်နိုင်တော့မည်
DVB
·
March 24, 2022
ဓာတ်ဆီနှင့်သွင်းအားစုဈေးမြင့်တက်သဖြင့် စစ်ကိုင်းတိုင်း၌ စိုက်ဧကစုစုပေါင်း၏ ၂၀ ရာနှုန်းခန့်သာ စိုက်နိုင်တော့မည်
Donate to DVB

စိုက်ပျိုးရေတင်တာနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေမှာ အသုံးပြုဖို့ ဓာတ်ဆီနဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး စတဲ့ သွင်းအားစုတွေ ဈေးတက်နေတာကြောင့် စစ်ကိုင်းတိုင်းမှာ စိုက်ပျိုး ဧက စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲ ဒီနှစ် စိုက်ပျိုးနိုင်တော့မယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ 

ကိုဗစ်-၁၉ မဖြစ်ခင်ကာလကထက် ဓာတ်မြေဩဇာဈေးက သုံးဆလောက်အထိတက်နေသလို ဓာတ်ဆီဈေးကလည်း အဆမတန်တက်နေတဲ့အတွက် ရေတင်ဖို့နဲ့ စက်ပစ္စည်းတွေအသုံးပြုဖို့လည်း တောင်သူတွေက မတတ်နိုင်တော့ပါဘူး။ 

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် နေအိမ်ပျက်စီးဆုံးရှုံးတာ၊ စိုက်ပျိုးစရိတ် အရင်းနှီးမရှိတော့တာတွေကြောင့် တောင်သူတွေဟာ နောက်ရာသီမှာ မိသားစုစားဖို့လောက်ပဲ စိုက်နိုင်တော့တယ်လို့ ရေဦးဒေသခံတောင်သူတဦးက ပြောပါတယ်။

“နွေစပါးက တောင်သူတွေတော်တော်များများက မစိုက်ကြဘူး၊ တချို့လည်းစိုက်ကြတယ်။ ထွန်ယက်ခ၊ ဆီဖိုး၊ စက်မောင်းခတွေနဲ့ ကြေးက မတရားများတယ်။ စပါးဈေးက မရှိတဲ့အခါကြတော့ စိုက်ချင်လျက်နဲ့ မစိုက်ကြရတဲ့တောင်သူတွေများတယ်။ စစ်ကောင်စီက ရွာစဉ်တွေ ပတ်မွှေနေလို့ စစ်ဘေးရှောင်နေရလို့ မစိုက်ဖြစ်တာက တကြောင်းနဲ့ ကုန်ကျစရိတ်များတာက တကြောင်းပေါ့။ အဲ့ဒီ ၂ ခုလုံးကြောင့် မစိုက်ဖြစ်ကြဘူး။ အရင်နှစ်တွေ စိုက်ပျိုးနေကြထက်နည်းသွားတာပေါ့။ ၃ ပုံ ၁ ပုံမရှိဘူး။ ၁၀ ပုံ ၂ ပုံလောက်ပဲရှိမယ်။ ခါတိုင်းဆိုရင်တော့ လှိုင်လှိုင်စိုက်ကြတာပေါ့ဗျာ။ အခုက ၁၀ ဦး ၁ ဦး စိုက်ခဲတယ်ဗျ။ မြေဩဇာကလည်း ဝယ်ဖို့မလွယ်ဘူး။ ၁ အိတ်ကို ၈ သောင်းလောက်ပေးရတယ်။ အဲ့ဒီအတိုင်းအတာမှာ စိုက်ရိတ်ခကလည်း ၈ သောင်းလောက်ဖြစ်မယ်။ ထွက်လာမယ့် ဧက ကစ ပါးနဲ့ ကုန်ကျစရိတ်က လုံးဝမကာမိဘူးဖြစ်နေတယ်။ စပါးဈေးမရှိတာလည်း တကြောင်းပေါ့ဗျာ။ ဆည်ရေကတော့ပေးတယ်။ သဖန်းဆိပ်ကလည်း လွှတ်တယ်။ ကာဘိုးကလည်း လွှတ်တယ်။ သီးထပ် သီးညှပ်ကတော့ ကျနော်တို့ဒေသက စိုက်ခဲတယ်။ နွေစပါး မိုးစပါး ၂ ခုပဲ။"

စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်တာကြောင့် စစ်ကိုင်းဒေသခံတွေဟာ လယ်ယာသုံးတိရစ္ဆာန်တွေနဲ့ စက်ပစ္စည်းတွေကို ဆုံးရှုံးခဲ့ကြရပါတယ်။

NLD အစိုးရလက်ထက်က ထုတ်ပေးခဲ့တဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို အတင်းပြန်တောင်းတာအပြင် စပါးလေလံ ကိစ္စတွေမှာလည်း အတင်းအဓမ္မ အခွန်ကောက်ခံတာတွေ ရှိလာလိမ့်မယ်လို့ ဒေသခံတောင်သူတွေကပြောပါတယ်။ 

စစ်ကောင်စီက လှောင်ထားတဲ့ စပါး၊ ပဲ၊ နှမ်းတွေကို အကြမ်းဖက်ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတောင်သူတွေဟာ လက်ထဲရှိတဲ့ လယ်ယာထွက်ကုန်တွေကို ရတဲ့ဈေးနဲ့ ရောင်းထုတ်နေရတဲ့အတွက် နစ်နာမှုတွေလည်းကြီးမားနေပါတယ်။

ရွှေဘိုဒေသခံတောင်သူတဦးက “ဘယ်အချိန်ဝင်လာပြီး ဘယ်လိုလုပ်မယ်မှန်းမသိတဲ့အတွက် အိမ်ထဲမှာလည်း လှောင်မထားရဲဘူး။ ရတဲ့ဈေးနဲ့ရောင်းလိုက်ရတဲ့အတွက် စပါးတုန်းကဆိုရင် တောင်သူတွေဟာ ၁ ဧကကို ၂ သိန်းခွဲလောက် နစ်နာခဲ့ရတယ်။ နွေရာသီရွှေဘိုမှာ အဓိက ရေသွင်းနှမ်းစိုက်တယ်။ အရင်တုန်းကတော့ တောင်သူတွေက ကိုယ့်မှာရှိတဲ့ စိုက်ပျိုးဧက အကုန်လုံးစိုက်ကြတယ်။ အခုကြတော့ အိမ်စားဖို့အတွက် ၄၊ ၅ ဧကလောက်ပဲ အဓိကလုပ်ကြပြီးတော့ ကျန်တဲ့ဟာကတော့ ရချင်ရမရချင်နေဆိုပြီး ကြဲလိုက်ကြတာမျိုးပဲရှိတော့တယ်။ အဓိကကတော့ သွင်းအားစုနဲ့ စက်သုံးဆီဈေးတက်တာကြောင့်ပေါ့။ သီးနှံဈေးကတက်တော့ တက်တယ်။ ဒါပေမယ့် တောင်သူတွေလက်ထဲ သီးနှံမရှိတဲ့အချိန်မှ တက်တာမျိုးဖြစ်နေတယ်။"

ပြည်တွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကုန်စည်စီးဆင်းမှုလမ်းကြောင်းတွေ ပြတ်တောက်နေပြီး သယ်ယူပို့ဆောင်စရိတ်တွေ အဆမတန်မြင့်တက်နေပါတယ်။ ဒီနှစ်မှာ သီးနှံမစိုက်ပျိုးနိုင်ရင် နောင်နှစ်မှာ စားနပ်ရိက္ခာရှားပါးပြီး ပိုဆိုးတဲ့ ကုန်ဈေးနှုန်းတက်တဲ့ ပြဿနာတွေကို ပြည်သူတွေ ကြုံတွေ့လာရနိုင်ပါတယ်။ 

ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် WFP ကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ အငတ်ဘေးနဲ့ကြုံတွေ့ရနိုင်တယ်လို့ ကြိုတင်ခန့်မှန်းခဲ့ပါတယ်။ 

စစ်ကိုင်းတိုင်း ၃၇ မြို့နယ်စလုံးမှာ စစ်ကောင်စီက အကြမ်းဖက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ရေဦးမြို့နယ်မှာဆိုရင် ကျေးရွာပေါင်း ၁၀၀ ကျော်ရှိတဲ့အထဲက ကျေးရွာပေါင်း ၉၀ ကျော်ဟာ စစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013