DVB Logo
Home
Lead Story
မအလ ကင်ဆာ (သရော်စာ)
DVB
·
March 23, 2022
မအလ ကင်ဆာ (သရော်စာ)
Donate to DVB

မနှစ်က နွေဦးမှာ ရုတ်တရက် ချက်ချင်းကြီး ထထွက်ခဲ့ရတဲ့ ခရီးသည် ဖေကြီးဟာ အခုအထိ ကိုယ့်မြို့ ကိုယ့်အိမ်ကို ပြန်မရောက်သေးပါဘူးခင်ဗျ။

ရွာစဉ်ရွာဆက် အတော်များများကို ဖြတ်သန်းခဲ့ရတယ်။ ခွန်နစ်အိမ်တန်းမှာ “ကိုဂျမ်းဘုံ”အဖြစ် ခိုနားဖူးသလို အိမ်ခြေသုံးလေးဆယ်ရှိတဲ့ရွာမှာ “ကိုဆယ်” အဖြစ်လည်း နားခိုဖူးပါတယ်။ အိမ်ခြေ ရာဂဏန်းရှိတဲ့ ရွာတွေမှာ နားနေမှေးစက်ခွင့်ရတဲ့အခါမတော့ “ကိုရာကျော်” ပေါ့ ခင်ဗျာ။

ရပ်အရိပ် ရွာ့အရိပ်တွေမှာ နားနေချွေးသိပ်ခွင့်တွေ များစွာများစွာ ရခဲ့ပါလေတော့လည်း “ဆွေသစ် မိတ်သစ် ဆုံလို့ပါပဲကွယ်” ပေါ့။

နေထိုင်ခွင့်ပေးခဲ့တဲ့သူတွေ ကျွေးမွေးပြုစုခဲ့ကြတဲ့သူတွေ၊ စောင့်ရှောက်ပြီး လမ်းပြခဲ့ကြတဲ့သူတွေ . . . စသည်ဖြင့် စသည်ဖြင့် စသည်ဖြင့် အစစအရာရာ ကူညီခဲ့တဲ့သူတွေနဲ့ ဘဝတကွေ့မှာ မိတ်ဆွေရင်းတွေ ဖြစ်ခဲ့ရပါသဗျ။

အပူငွေ့တွေ ဗရပွနဲ့ လောင်မြိုက်နေတဲ့ ခေတ်ဆိုးခေတ်ပျက်ကာလကြီးထဲမှာ “အရွှင်ဓာတ်တွေ” ကိန်းအောင်းနေတဲ့သူတွေနဲ့ ကြုံဆုံ ခင်မင်ခွင့်ရခဲ့တာတော့ ဝမ်းသာစရာပါ။ အဲသည်လိုလူတွေရဲ့ ဇာတ်လမ်း ဇာတ်ကြောင်း အပြောအဆို အမူအရာနဲ့ “အရွှင်ဓာတ်တွေ” ဟာ ဘေးလူကို ကူးစက်ပြီး အပူဒဏ်ကို ခေတ္တခဏတော့သက်သာ အေးမြစေပါတယ် ခင်ဗျ။

အဲသည်အထဲမှာ အဘ “စောမူးသာ” ကတော့ မပါမဖြစ်ပေါ့။ ဟင်းချက်လည်း ကောင်းသလို လေးခွပစ်ကလည်း တည့်သလား မမေးနဲ့။ အမဲလိုက်ရာမှာလည်း ဆရာကြီးတစ်ဆူပေါ့။ ပုံတိုပတ်စတွေကို ရှာရှာဖွေဖွေ ကြံကြံဖန်ဖန် ရွှင်ရွှင်နောက်နောက် ခင်းတတ်ကျင်းတတ်ပုံကလည်း သိပ်ကို လှလှပပဗျ။

“အဘ စောမူးသာက 'စာရေးဆရာ' လုပ်ရမှာဗျ”

“ဟားဟား ဟားဟား ဟားဟား . . . ရော့ ရော့ . . . ဟောသည် ‘သေနတ်’ နဲ့ ဖေကြီး အိပ်ကပ်ထဲက 'ဖောင်တိန်' နဲ့ လဲပေတော့”

“ကျနော်က သေနတ်မပစ်တတ်ဘူး အဘရ”

“ ' ကျော်ဟိန်း ' ပြောခဲ့သလို လက်ညှိုးလေး ကွေးတတ်ဖို့ ‘ဆ ယ် နှစ် . . . ဆ ယ် နှ စ်’ တောင် လေ့ကျင့်စရာ မလိုတော့ဘူး။ အခုဆို ‘ဆယ်လ’ လောက်နဲ့ ‘ဖြစ်’နေကြပြီမဟုတ်လား . . . . . . ဟားဟား ဟားဟား ဟားဟား . . . . . . .”

“ဟားဟား ဟားဟား ဟားဟား . . . . . .”

အမြင် အတွေးက အဲသလိုဗျ ။ ‘ခေတ်’ နဲ့ ‘သတင်း’ ကိုလည်း မျက်ခြည်မပြတ်တဲ့သူပါ။

ဒီမနက်တောင် သူ့ယာထဲ ရောက်ပြီး ‘ပေါင်းပင်တွေ’ ကူနုတ်ပေးဖြစ်ခဲ့သေးတယ်။

“ ‘အမြစ်’ လုံး၀ မကျန်ခဲ့စေနဲ့ဟ။ ဒီကောင်တွေက ဘာကောင်းကျိုးမှပေးတဲ့ကောင်တွေ မဟုတ်ဘူး၊ ဒုက္ခပဲ ပေးတတ်တဲ့ကောင်တွေ”

“ဟုတ်ကဲ့ပါ အဘစောမူးသာ ရဲ့ . . . ဟဲ ဟဲ . . . ဟဲ ဟဲ . . . ဟဲ ဟဲ . . .”

‘ရောင်းသူ ဝယ်သူ အသံတူ’ ပေါ့ဗျာ။ အဲသည်လို ရေသောက်မြစ်ရှည်လွန်းလှတဲ့ ‘ပေါင်းပင်တွေ’ ကို အတူတူ ထိုင်နုတ်နေတုန်း ဗြုန်းဆို ခါးထဲ မြက်ခနဲ ဖြစ်သွားတာနဲ့ ‘ကျွတ် ကျွတ် ကျွတ် ကျွတ်’ လို့ စုတ်သပ်မိလိုက်တယ်။

“ဘာဖြစ်လို့လဲ ဖေကြီး ရ . . .”

“ခါးထဲမှာ နည်းနည်း မြက်တက်တက်ဖြစ်သွားလို့ပါ အဘ”

“ဟား ဟား ဟား ဟား ဟား ဟား . . . ရောဂါတော့ တူနေပြီဟေ့ . . . ဟဲ ဟဲ ဟဲ”

“အဘလည်း ခါးနာတတ်တယ်လား”

“ငါ မဟုတ်ဘူးဟ၊ မအလ နဲ့ တူတာ”

“ဟား ဟား ဟား ဟား ဟား ဟား . . .”

အဘစောမူးသာက အဲသလိုပုဂ္ဂိုလ်။

“ဟိုဘက်တလောက ‘မအလ’ ခါးပတ်ကြီးနဲ့ လူရှေ့သူရှေ့ ထွက်ခဲ့သေးတယ်နော်”

“ဟုတ်တယ်လေ အဘ”

“ ' လိုင်း ' ပေါ်မှာတော့ ‘ခါးရိုးကင်ဆာ’ လို့ ပြောနေကြတယ်ကွ”

“အင်း . . . . . .”

“ငါ့အထင်တော့ အဲသည်ကောင် ပြည်သူ့ချဉ်ဖတ် ခွေးပစ်တဲ့တုတ် ထင်ရာစိုင်း အာဏာရူး လူသတ်ကောင် ဂျပု မအလဟာ ‘စအိုကင်ဆာ’ ဖြစ်နေတာ ကြာပြီလို့ ထင်တယ်ကွ”

“ဗျာ . . . ဟုတ်လား . . . အဘရဲ့ဘော် ဒါ ဖရဲသီးတွေဆီက ကြားရတာလား”

“ဟားဟား ဟားဟား ဟားဟား . . . . ငါကိုယ်တိုင် သုံးသပ်ကြည့်ထားတာကွ”

“ဆိုပါအုံး အဘရ”

အဘစောမူးသာကား တဟားဟား အားရပါးရ ရယ်နေပြီးတော့မှ ဤသို့ ပြောပြပါလေ၏။

“မင်း အမြင်ပဲလေ.. ဒီကောင်မအလက မြေအောက်လျှပ်စစ်ရထားတွေ လုပ်မယ်.. လျှပ်စစ်ကားတွေ ထုတ်မယ် . . ဗမာ့ဘိန္တောနည်းနဲ့ ကိုဗစ်ဆေးတွေဖော်ပြီး ကမ္ဘာကိုဖြန့်မယ် . . . မြန်မာပြည်ဖြစ် ဂြိုဟ်တုတွေ လွှတ်တော့မယ် ဘာမယ် ညာမယ်လို့ မတန်တဆ အလုံးကြီးတွေ စိတ်ရူးထတိုင်း ပြောတဲ့ကောင်”

“ဟား ဟား ဟား ဟား ဟား ဟား”

“ပြောလိုက်ရင် လေကြီးမိုးကြီး၊ သိပ်ကို ဖင်ခေါင်းကျယ်တဲ့ကောင် . . .”

“အဲသည်တော့ . . .”

“အေးလကွာ . . . ဒီလောက် ဖင်ခေါင်း ကျယ်နေတဲ့ကောင်ဟာ ‘စအိုကင်ဆာ’ ဖြစ်မှာ အမှန်ပဲပေါ့ဗျား . . . ဟား ဟား ဟား ဟား ဟား ဟား . . .”

ဖေကြီး(လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013