
တရုတ်နိုင်ငံ ကျန်းစုပြည်နယ်၊ ချန်ကျိုးမြို့က နည်းပညာကုမ္ပဏီတခုဟာ သယ်ဆောင်ရလွယ်ကူတဲ့ လေဆာသုံး ခြင်နှိမ်နင်းရေးစက်ကို တီထွင်လိုက်ပါတယ်။
နွေရာသီမှာ ဘေးကင်းပြီး ထိရောက်တဲ့ ခြင်နှိမ်နင်းရေးနည်းလမ်းတွေကို လိုအပ်လာတာကြောင့် ဒီစက်ဟာ ပြည်ပဈေးကွက်မှာ လူကြိုက်များနေပါတယ်။
ဒီစက်ကို ၂၀၂၂ ခုနှစ်ကတည်းက စတင်တီထွင်ခဲ့ပြီး ပုံစံငယ်ရဖို့ ၃ နှစ်လောက် အချိန်ယူခဲ့ရတယ်လို့ ဖိုတွန်မက်ထရစ် (Photonmatrix) နည်းပညာကုမ္ပဏီ အကြီးအကဲ ဝမ်ချွမ်က ပြောပါတယ်။
ရိုးရိုးခြင်နှိမ်နင်းရေးပစ္စည်းတွေနဲ့ မတူဘဲ ဒီစက်မှာ လိုင်ဒါ (LiDAR) အာရုံခံစနစ်၊ AI အမြင်အာရုံနည်းပညာနဲ့ အချက်ပြစနစ်တွေကို ပေါင်းစပ်ပြီး ခြင်တွေကို ရှာဖွေနှိမ်နင်းတာ ဖြစ်ပါတယ်။
ဘေးကင်းရေးစနစ်တွေလည်း ပါဝင်ပြီး စက်လည်ပတ်နေတဲ့ အကွာအဝေးထဲကို လူဝင်လာရင် လေဆာပစ်ခတ်တာကို အလိုအလျောက် ရပ်တန့်ပေးမှာပါ။
ဒီစက်ဟာ ခြင်တွေရဲ့ လက္ခဏာကို ခွဲခြားသိရှိနိုင်ပြီး ၃ မီလီစက္ကန့်အတွင်း လေဆာနဲ့ ပစ်ခတ်နိုင်တယ်လို့ ဝမ်က ဆိုပါတယ်။
ခြင်တွေကို ၆ မီတာ အကွာအဝေးအထိ ရှာဖွေနိုင်ပြီး အိမ်ထဲ၊ ခြံဝင်းနဲ့ စခန်းချတဲတွေမှာလည်း အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။










