DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်အတွက် မောင်းသူမဲ့ ဝေဟင်ယာဉ် (UAV) အပိုပစ္စည်းများ ဩစတြီးယားမှ တင်သွင်းနေ
DVB
·
March 22, 2022
မြန်မာစစ်တပ်အတွက် မောင်းသူမဲ့ ဝေဟင်ယာဉ် (UAV) အပိုပစ္စည်းများ  ဩစတြီးယားမှ တင်သွင်းနေ
Donate to DVB

မြန်မာစစ်တပ်အတွက် မောင်းသူမဲ့ ဝေဟင်ယာဉ် (UAV) အပိုပစ္စည်းတွေကို စစ်ကောင်စီရဲ့လက်နက်ပွဲစားက  ဥရောပတိုက်ရှိ ဩစတြီးယားနိုင်ငံကနေ တင်သွင်းပေးခဲ့တယ်လို့  Jusitce For Myanmar က စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။

လက်နက်ပွဲစားကုမ္ပဏီတခုဖြစ်တဲ့ Miya Win international Limited က မြန်မာစစ်တပ်အတွက် Camcopter S-100 အမည်ရှိ မောင်းသူမဲ့ ဝေဟင်ယာဉ် (UAV) အပိုပစ္စည်းတွေနဲ့အတူ မောင်းနှင်ရေးအတွက် အပြည့်အစုံပါရှိတဲ့ သင်တန်း ဒီဇိုင်းတခုတို့ကို တင်သွင်းခဲ့တာပါ။

ဒီပစ္စည်းအမျိုးအစားက  ဩစတြီးယားကုမ္ပဏီ Schiebel Corporation  ကထုတ်လုပ်တဲ့ပစ္စည်း ဖြစ်ပြီး လုပ်ငန်းလိုင်စင်အရ Camcopter S-100 UAV တွေထုတ်လုပ်တဲ့ မိတ်ဖက် ရုရှားကုမ္ပဏီ OAO Gorizont မှတဆင့် မြန်မာနိုင်ငံသို့ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ကုန်သွယ်ရေးဆိုင်ရာအချက်အလက်စုစည်းမှု Import Genius ရဲ့ အချက်အလက်အရ ရုရှားကုမ္ပဏီ Gorizont က အဆိုပါပစ္စည်းတွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နံ့ ၂၀ ရက်တို့မှာ မြန်မာနိုင်ငံရှိ Miya Win international Limited ဆီ တင်ပို့ခဲ့တာ တွေ့ရပါတယ်။

လျှို့ဝှက်ပေါက်ကြားလာတဲ့ မြန်မာစစ်တပ် ကာကွယ်ရေးဝန်ကြီးဌာနမှ ဘတ်ဂျက်စာရွက်စာတမ်းတွေအရ အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၈ သန်း တန်ဖိုးရှိ အရောင်းအဝယ်တခုမှာ  ဩစတြီးယာကုမ္ပဏီ Schiebel က မြန်မာစစ်တပ်ထံ UAV တွေ ရောင်းချပြီးတဲ့နောက် လက်တလောမှာ Schiebel ကုမ္ပဏီမှ ကုန်ပစ္စည်းတွေတင်ပို့မှု ရှိလာတယ်လို့ Justice For Myanmar က ဆိုပါတယ်။ 

မြန်မာစစ်တပ်က ဝယ်ယူထားတဲ့ မောင်းသူမဲ့ ဝေဟင်ယာဉ် Camcopter S-100 (UAV) တွေဟာ စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ကင်းထောက်ရေး လုပ်ငန်းတွေမှာ စွမ်းဆောင်ရည်ရှိပြီး နာရီပေါင်း ၆ နာရီအကြာ ပျံသန်း နိုင်ပါတယ်။ 

ဒါကြောင့် အကြမ်းဖက်မြန်မာစစ်ကောင်စီထံ စစ်လက်နက်စီးဝင်မှု ရပ်တန့်ရေးအတွက် Miya Win international Limited အပါအဝင် စစ်လက်နက်ပေးသွင်းသူတွေနဲ့ လက်နက်ပွဲစားကွန်ရက်တွေ အပေါ် ပစ်မှတ်ထားဒဏ်ခတ် ပိတ်ဆို့မှုတွေကို အရေးတကြီး လုပ်ဆောင်ကြဖို့ Justice For Myanmar က တိုက်တွန်းထားပါတယ်။

စင်ကာပူအစိုးရနဲ့ ဘဏ်တွေအနေနဲ့လည်း  Miya Win international Limited မှ ဒါရိုက်တာတဦးဖြစ်သူ နေထွဋ်ဝင်း အပါအဝင် တခြားစစ်လက်နက်ပွဲစားတွေကို သူတို့ရဲ့ လုပ်ငန်းတွေ ရပ်တန့်သွားဖို့အတွက် မဖြစ်မနေ လုပ်ဆောင်ကြဖို့အရေးမှာ ပျက်ကွက်နေပါတယ်။

ဒီ့အတွက် ဥရောပသမဂ္ဂ ဒေသတွင်း နိုင်ငံတွေ အပါအဝင် ချမှတ်ပြီးဖြစ်တဲ့ ပို့ကုန်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အသက်ဝင်စေဖို့ အရေးတကြီး လုပ်ဆောင်စရာ များစွာ ကျန်ရှိနေသေးတယ်လို့ Justice For Myanmar က ထောက်ပြထားပါတယ်။ 

အခုစုံစမ်းထောက်လှမ်းထားရှိတဲ့ ဖော်ပြပါ ကုမ္ပဏီတွေအပေါ် စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ပေးဖို့ နဲ့ မြန်မာနိုင်ငံအပေါ် အီးယူရဲ့ စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေး ပြဋ္ဌာန်းချက်တွေအပေါ် ချိုးဖောက်သူတွေ တာဝန်ခံမှု ရှိစေရေးနဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ကြဖို့ သြစတြီးယားအစိုးရကို Justice For Myanmar က တောင်းဆိုပါတယ်။

ဒါ့အပြင်ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့လည်း စစ်လက်နက်စီးဆင်မှု ရပ်တန့်ဖို့ အရေးယူဆောင်ရွက်ရမယ့် အချိန်ဖြစ်တာကြောင့် ကမ္ဘာလုံးဆိုင်ရာစစ်လက်နက်ရောင်းချမှုပိတ်ပင်ရေးတရပ်ကို ချမှတ်ပေးဖို့ Justice For Myanmar က တောင်းဆိုပါတယ်။

မောင်းသူမဲ့ ဝေဟင်ယာဉ် (UAV) အပိုပစ္စည်းတွေ ဝယ်ယူတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်နဲ့ ပွဲစားကုမ္ပဏီဘက်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။  

Photo - JFM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013