
ဩစတြီးယားနိုင်ငံ၊ စန့်ထ်အန်တွန်အမ်အာလ်ဘာ့ဂ်မြို့မှာ ဖေဖော်ဝါရီ ၂၀ ရက်က ဆီးနှင်းထု ပြိုကျမှုကြောင့် လူ ၅ ယောက် နစ်မြုပ်သွားတဲ့အထဲက ၃ ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရသူ ၂ ယောက်ထဲက တယောက်ကို အခင်းဖြစ်ပွားရာနေရာမှာပဲ ဆေးကုသပေးခဲ့ပြီး ကျန်တယောက်ကတော့ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သေဆုံးသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ချက်ချင်း မဖော်ပြနိုင်သေးကြောင်း ရဲတပ်ဖွဲ့က ပြောကြားပြီး အဲဒီနေ့တရက်တည်းမှာပဲ အဲဒီဒေသမှာပဲ နှင်းထုပြိုကျမှုပေါင်း အများအပြား ဖြစ်ပွားခဲ့ကြောင်းလည်း ပြောပါတယ်။
ကယ်ဆယ်ရေး လုပ်ငန်းထဲမှာ ကယ်ဆယ်ရေးသမားတွေ၊ အရေးပေါ် လူနာတင်ယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေ အများအပြား ပါဝင်လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။
တိုင်ရိုလ်ဒေသရှိ နှင်းထုပြိုကျမှု သတိပေးရေးဌာနရဲ့အဆိုအရ အခုနှစ် နှင်းထုပြိုကျမှုရာသီဟာ ပုံမှန်ထက် ပိုကြာနေတယ်လို့ သိရပါတယ်။
ဆီးနှင်းအသစ်တွေ ကျဆင်းတာ၊ လေပြင်းတိုက်ခတ်တာနဲ့ မတည်ငြိမ်တဲ့ ဆီးနှင်းထုတွေကြောင့် ဒေသရဲ့ အစိတ်အပိုင်း အများစုမှာ နှင်းထုပြိုကျနိုင်မှု အန္တရာယ်မြင့်မားနေကြောင်း သတိပေးထား ပါတယ်။
စန့်ထ်အန်တွန် အမ်အာလ်ဘာ့ဂ်မြို့ဟာ ကျယ်ပြန့်တဲ့ နှင်းလျှောစီးကစားကွင်းတွေနဲ့ အခြေခံအဆောက်အအုံ ကောင်းမွန်မှုတွေကြောင့် နှင်းလျှောစီး အားကစားဝါသနာရှင်တွေအတွက် လူကြိုက်များတဲ့ ခရီးသွားနေရာတခု ဖြစ်ပါတယ်။
Source: Reuters










