
မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ဒေသကို ဦးတည်လာတဲ့ မုန်တိုင်းကြောင့် ဧရာဝတီတိုင်းအတွင်း မြို့နယ်တချို့က ပင်လယ်ဝမှာ တည်ရှိတဲ့ကျေးရွာတွေကို လေတွေတိုက်ပြီး ဒီရေစတင်ဝင်ရောက်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဖျာပုံခရိုင်အတွင်း ဘိုကလေးမြို့နယ်မှာရှိတဲ့ ဧရာကျေးရွာနဲ့ လပွတ္တာမြို့နယ် အောင်လှိုင်ကျေးရွာကို မတ် ၂၂ ရက် မွန်းတည့် ၁၂ နာရီလောက်ကစတင်ကာ ရေဝင်ရောက်လာတာလို့ ဆိုပါတယ်။
လပွတ္တာမြို့နယ်နေ ဒေသခံတဦးက “ဒီနေ့လယ်ပိုင်းမှာ ရေစဝင်လာတာ ဗြုန်းဆိုရောက်လာတာတော့ မဟုတ်ဘူး။ တဖြည်းဖြည်းတက်လာတာ။ တော်တော်များများကတော့ ဆိုင်ကလုန်းရှယ်တာတွေဘက်ကို သွားပြီ။ ဒီဘက်က သွားဖို့မလွယ်လို့ အိမ်အမြင့်ရှိတဲ့ အိမ်မှာပေါင်းနေနေတာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းက ပင်လယ်နဲ့နီးတဲ့မြို့နယ်တွေမှာ လေတိုက်ပြီး ရေတက်လာတာတွေရှိပြီး လေတအားတိုက်တာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
ဧရာ၀တီတိုင်း၊ လပွတ္တာမြို့နယ် ကိုင်းသောင်ကျေးရွာမှာ ဒီနေ့ မုန်တိုင်းကြောင့် လေပြင်းတိုက်ပြီး ဒီရေတက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"မနေ့ညက ပုံမှန်ပင်လယ်ရေတက်တာနဲ့ မုန်တိုင်းကြောင့် ရွာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို နေရာရွှေ့ပေးထားပါတယ်။ ဒီမနက် ၉ နာရီခွဲကစလို့ လေပြင်းတိုက်တယ်။ ပင်လယ်ရေလည်း တိုးတယ်။ တချို့အိမ်တွေက ဖိနပ်ချွတ်လောက်၊ အနိမ့်ပိုင်းကအိမ်တွေက ကြမ်းပြင်အထိ မြုပ်တယ်။ အခု ၂ နာရီမှတော့ ရေကျသွားပါပြီ" လို့ ဒေသခံတယောက်က ပြောပါတယ်။လေပြင်းနဲ့ ဒီရေကြောင့် လူနေအိမ်နဲ့တခြားပျက်စီးတာတွေတော့ မရှိဘူးလို့ သိရပါတယ်။
တိုင်းအတွင်းက တခြားမြို့နယ်အများစုမှာတော့ လေနည်းနည်းတိုက်ပြီး မိုးရွာတာမျိုးတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အားကောင်းတဲ့ မုန်တိုင်းဟာ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့နားကနေ စတင်ဝင်ရောက်နေပြီးလို့ စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက ဒီနေ့ မွန်းလွဲ ၁၂ နာရီခွဲ သတင်းထုတ်ပြန်ထားပါတယ်။










