DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဖြန့်ဖြူးနေသဖြင့် ကျပ်ပြင်ရဲစခန်းအား တိုက်ခိုက်ခဲ့ဟု Red Wolves of Mogok အဖွဲ့ ပြော
DVB
·
March 17, 2022
မူးယစ်ဆေးဖြန့်ဖြူးနေသဖြင့် ကျပ်ပြင်ရဲစခန်းအား တိုက်ခိုက်ခဲ့ဟု Red Wolves of Mogok အဖွဲ့ ပြော
Donate to DVB

မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်းက ကျပ်ပြင်ရဲစခန်းကနေ မူးယစ်ဆေးတွေ ဖြန့်ဖြူးရောင်းချနေတာကြောင့် မတ် ၁၅ ရက်နေ့က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Red Wolves of Mogok အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“အနောက်ပိုင်းစခန်းကနေ မူးယစ်ဆေးတွေ ဖြန့်ဖြူးရောင်းချနေတယ်လို့ သတင်းရထားတာကြောင့် သတိပေးတဲ့အနေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ ဆေးရောင်းတဲ့သူတွေကို ခြေရာခံတော့ စခန်းထဲကို ဝင်ထွက်သွားလာနေတာကို တွေ့နေရတယ်။”
မိုးကုတ်မြို့အတွင်းမှာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် မူးယစ်ဆေးသုံးစွဲသူတွေ ပိုမိုများလာပြီး ဓားပြတိုက်တာ၊ လုတာတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမည်မဖော်လိုသူ ဒေသခံတဦးက “အခုက မူးယစ်ဆေးတွေကို တရားဝင်လို ရောင်းချနေကြတာ၊ ဖမ်းမယ့်သူကလည်း မရှိဘူးလေ၊ ရောင်းတဲ့နေရာတွေကလည်း အများကြီးပဲ၊ ခုဆို မိုးကုတ်တမြို့လုံးနီးပါး ဆေးတွေပျံ့နေတာ” လို့ ပြောပါတယ်။
မိုးကုတ်မြို့ရဲ့ ကျောက်မျက်လုပ်ကွက် တွင်းအဟောင်းတွေ၊ ဝင်ငွေရတဲ့နေရာတွေ၊ လုပ်ငန်းရှိတဲ့ နေရာတွေမှာ မူးယစ်ဆေးကို တွင်တွင်ကျယ်ကျယ် ရောင်းဝယ်နေကြတယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးတွေက မိုးကုတ်မြို့ထဲကို လမ်းကြောင်း ၃ ကြောင်းနဲ့ ဝင်ရောက်နေပြီး မူးယစ်ဆေးတွေ ဖမ်းဆီးရမိနေတယ်လို့လည်း သိရပါတယ်။
မိုးကုတ်မြို့ ပင်တောင်ကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကားတစီးကို ရှောင်တခင် စစ်ဆေးရာမှာ မူးယစ်ဆေး ကျပ် ၂ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးတာတွေ ရှိနေပေမယ့် ဖမ်းမိသူတွေကို ပြန်လွှတ်ပေးနေတယ်လို့လည်း အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။
“သူတို့က သတင်းရတယ်ဆိုပြီး ဖမ်းတယ်၊ မိပြီးရင် ပြန်လွှတ်တယ်၊ ပြီးရင် သူတို့က အဲ့ဆေးသမားတွေကို ထောက်လှမ်းရေးပုံစံနဲ့ ထားတယ်၊ ဆေးရောင်းသူတွေက ဖမ်းမိပြီးရင်လည်း ပြန်လွတ်တာပဲ။”
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မိုးကုတ်မြို့က ဒေသခံ ပြည်သူတွေအနေနဲ့ နေအိမ်တွေ ဓားပြတိုက်ခံရတာ၊ လုယက်ခံရတာတွေအပြင် မီးကွင်းပစ်ပြီး ပိုက်ဆံတောင်းခံရတာတွေ ကြုံတွေ့နေရပြီး ဘယ်အဖွဲ့က လုပ်ဆောင်နေတယ်ဆိုတာကို မသိရသေးပါဘူး။
ဖေဖော်ဝါရီ ၂၅ ရက်နေ့ကလည်း မိုးကုတ်မြို့ နန်းနွဲ့အနီးမှာ အသက် ၅၆ နှစ်အရွယ် ဂေါ်ရခါးလူမျိုး အမျိုးသမီးတဦး ရိုက်နှက်လုယက်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013