DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက အဓမ္မချိပ်ပိတ်သိမ်းခဲ့သည့် ပြည်သူပိုင် နေအိမ်အလုံးပေါင်း ၅၃၀ ကျော်ရှိလာ
DVB
·
March 17, 2022
စစ်ကောင်စီက အဓမ္မချိပ်ပိတ်သိမ်းခဲ့သည့် ပြည်သူပိုင် နေအိမ်အလုံးပေါင်း ၅၃၀ ကျော်ရှိလာ
Donate to DVB

စစ်တပ်အာဏာသိမ်းကာလ ၁ နှစ်ကျော်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပြီး အကြမ်းဖက်စစ်ကောင်စီက အဓမ္မချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ ပြည်သူပိုင် နေအိမ်အလုံးပေါင်း ၅၃၁ ကျော်ရှိနေပြီလို့ လေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေထံက သိရပါတယ်။

ဒါဟာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ ISP-Myanmar တို့က စုစည်းထားတဲ့ အချက်အလက်တွေအပေါ် စာရင်းပြုစုထားတဲ့ မှတ်တမ်းတွေအရ ထုတ်ပြန်ထားတာဖြစ်ကာ ဒီအရေအတွက်ဟာ လက်လှမ်းမီသမျှ စုစည်းထားတာမို့ မြေပြင်အခြေအနေမှာတော့ ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။  

စစ်ကောင်စီက နေအိမ် ချိပ်ပိတ်သိမ်းဆည်းတာတွေကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ဖို့ ကြေညာခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နောက်ပိုင်းမှာ ပိုလုပ်လာခဲ့တာပါ။ ပြီးခဲ့တဲ့ မတ် ၇ ရက်အထိ စစ်ကိုင်းတိုင်းမှာ ၁၃၅ လုံးထက် မနည်း ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရပြီး ရန်ကုန်တိုင်းမှာ ၁၁၆ လုံး၊ မန္တလေးတိုင်းမှာ ၈၅ လုံး၊ ဧရာ၀တီတိုင်းမှာ ၄၇ လုံး နဲ့ မကွေးတိုင်းမှာ ၃၉ လုံးထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် NUG အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဆက်စပ်နေတဲ့ နေအိမ်၊ အဆောက်အဦတွေကို ပစ်မှတ်ထား ချိပ်ပိတ်သိမ်း ဆည်းခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရအရေးယူဆောင်ရွက်နေတဲ့ အမှုတွေနဲ့ ဆက်စပ်တဲ့ နေအိမ်၊ တိုက်ခန်းတွေကိုလည်း သိမ်းဆည်းခဲ့သလို၊ CDM လှုပ်ရှားမှုနဲ့ ဆက်စပ်နေသူတွေ၊ အသံတိတ်သပိတ် လှုံ့ဆော်မှုတွေနဲ့ ဆက်စပ်နေသူတွေရဲ့ နေအိမ် အဆောက်အအုံတွေကိုလည်း ချိပ်ပိတ်ခဲ့တာကို တွေ့ရပါတယ်။

သိမ်းဆည်းခံရတဲ့ နေအိမ်တွေထဲမှာတော့ အရပ်သားတွေ ပိုင်ဆိုင်တဲ့ နေအိမ်ချိပ်ပိတ်သိမ်းဆည်းခံရမှုက ၆၄ ဒသမ ၂ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နေအိမ်တွေက ၂၃ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံးပါဝင်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေနဲ့ ပါတီရဲ့ ပိုင်ဆိုင်မှုတွေက ၁၂ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ပါဝင်နေတာဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းမှာ အ များဆုံး  ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတယ်လို့ သိရပါတယ်။

NUG ကတော့ ပြည်သူလူထုပိုင် နေအိမ်တွေကို စစ်ကောင်စီက အကြမ်းဖက် မတရားချိပ်ပိတ်သိမ်းဆည်း ခံရပါက သက်သေနဲ့တကွ တိုင်ကြားနိုင်ကြောင်းနဲ့ ပြည်သူ့လက်ရောက် ပြန်လည်ပေးအပ်နိုင်ရေးကို ဦးစားပေး စီမံဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

ကျူးလွန်ခံရတဲ့ ပြည်သူတွေအနေနဲ့ ကျူးလွန်မှုမှာ ပူးပေါင်းပါဝင်ပတ်သက်သူတွေရဲ့ အချက်အလက်တွေ၊ မတရားချိပ်ပိတ် သိမ်းဆည်းခံရတဲ့ အိုးအိမ်ပိုင်ဆိုင်မှုစာရင်းတွေကို သက်သေတွေနဲ့တကွ NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ အင်တာ နက်စာမျက်နှာ https://mohai.nugmyanmar.org ရှိ အမှုဖွင့်တိုင်ကြားရန်နေရာမှာ တိုင် ကြားပေးကြဖို့ မေတ္တာရပ်ခံထားတာပါ။

ဒါ့အပြင် နိုင်ငံတော်အာဏာကို တရားမဝင်လုယူထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ စစ်အုပ်စုရဲ့ ဆောင်ရွက်နေမှုတွေအားလုံးဟာ တရားဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့အတွက် ဘယ်လို သက်ရောက်မှုမှမရှိဘဲ ပျက်ပြယ်ပြီး ဖြစ်တယ်လို့လည်း NUG က ပြောပါတယ်။

ဒါကြောင့်မို့ NUG က အသွင်ကူးပြောင်းမှုကာလ တရားမျှတမှုဖော်ဆောင်ရေးအစီအစဉ်တွေ အကောင်အထည်ဖော်ချိန်မှာ ဥပဒေမဲ့သိမ်းဆည်းခံရတဲ့ ပြည်သူတွေရဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေကို ပြည်သူ့လက်ရောက် ပြန်လည်ပေးအပ်နိုင်ရေးကို ဦးစားပေး စီမံဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013