DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့မှာ လျှပ်စစ်မီး မရသဖြင့် လုပ်ငန်းရှင်များနှင့် မြို့ခံများ ပိုမိုခက်ခဲကျပ်တည်းလာ
DVB
·
March 15, 2022
မန္တလေးမြို့မှာ လျှပ်စစ်မီး မရသဖြင့် လုပ်ငန်းရှင်များနှင့် မြို့ခံများ ပိုမိုခက်ခဲကျပ်တည်းလာ
Donate to DVB

မန္တလေးမြို့မှာ လျှပ်စစ်မီးရရှိချိန် အင်မတန် နည်းပါးလာတာကြောင့် လုပ်ငန်းရှင်တွေရော မြို့ခံပြည်သူတွေပါ အခက်အခဲ ကြုံတွေ့နေကြရတယ်လို့ မန္တလေးမြို့နေ ပြည်သူတွေက ပြောပါတယ်။

တစ်ရက်ကို လျှပ်စစ်မီးရရှိချိန် ခြောက်နာရီ မပြည့်ဘဲ၊ မီးလာချိန် ပုံမှန်မရှိတာ၊ အချိန်တိုအတွင်း မကြာခဏ မီးဖြတ်တောက်တာ၊ အချိန်အကြာကြီး မီးဖြတ်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။

အဲဒီအတွက် လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းပုံမှန် လည်ပတ်နိုင်ဖို့ မီးစက်တွေ အသုံးပြုနေရပြီး လောင်စာဆီအတွက် ကုန်ကျစရိတ်ဟာ နှစ်ဆခွဲခန့် မြင့်တက်လာတယ်လို့ ဆေးဝါးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဆေးဝါးလုပ်ငန်းအတွက် အစိုးရလျှပ်စစ်မီတာခဟာ  တစ်လကို ကျပ်သိန်းနှစ်ဆယ်လောက် ကုန်ကျခဲ့ရာက အခုအချိန်မှာ လောင်စာဆီဝယ်ယူပြီး မီးစက်နှိုးကာ သုံးစွဲနေရတာကြောင့် လောင်စာဆီဈေး ကျပ်သိန်းငါးဆယ်လောက်အထိ ပျမ်းမျှကုန်ကျလာတယ်လို့ သိရပါတယ်။

မန္တလေးမြို့ခံ ဆေးဝါးလုပ်ငန်းရှင်တဦးက “ရေရှည်မှာတော့ ဒီဟာတွေ ဒီလောက်ဖြစ်လာပြီဆိုရင် ဥပမာ ခုက ဒေါ်လာဈေးလည်းတက်တယ်၊ ဆီဈေးလည်း တက်တယ်၊ မီးကလည်း မမှန်ဘူးဆိုရင်တော့ သေချာတယ်။ ဒီလုပ်ငန်းရှင်တွေကတော့ ရေရှည်မှာ တအား ဒီလိုဖြစ်လာနေရင်တော့ သူတို့ကတော့ ဒီဘက်က ကျနော်တို့ စားတဲ့ဘက်ကိုပဲဖြစ်ဖြစ်၊ product ကိုပဲဖြစ်ဖြစ်၊ ဈေးနှုန်းကတော့ ရအောင် ညှိရတော့မှာကိုး။ ဘာဖြစ်လို့ဆို ဝန်ထမ်းတွေ ပေးဖို့ရာနဲ့ဆိုတော့လေ။ အဲဒီအချိန်ကျရင်တော့ အဓိကထိမှာက စားသုံးသူပဲပေါ့။ ဘာလို့ဆို ဈေးကြီးလာမယ်၊ ၊အဲ့လိုပုံစံမျိုး ဈေးတွေတက်လာမှာပေါ့" လို့ ပြောပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ လျှပ်စစ်မီတာခ မပေးဆောင်တာ ၃ လအထက်ကျော်တာနဲ့ နို့တစ်စာပေးပို့ပြီးနောက် မပေးဆောင်ပါက သုံး လေးရက်အတွင်း မီးဖြတ်တယ်လို့ သိရပါတယ်။ 

မီတာခတွေ ပေးဆောင်ထားပေမဲ့ လျှပ်စစ်မီးကတော့ ပုံမှန်မရရှိဘူးလို့ သိရပါတယ်။ မြင့်တက်လာတဲ့ လောင်စာဆီဈေးတွေကြောင့် သယ်ယူပို့ဆောင်စရိတ်တွေ နှစ်ဆလောက် မြင့်တက်လာတာလို နောက်ဆက်တွဲ အခက်အခဲတွေလည်း အများကြီးဖြစ်လာတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

NLDပါတီ အစိုးရလက်ထက်မှာ အပူရှောင်စခန်းတွေ ဖွင့်လှစ်ပေးနိုင်ခဲ့ပေမယ့် ရာသီဥတု အပူချိန် အင်မတန်မြင့်တက်လာတဲ့ လက်ရှိအချိန်မှာတော့ သက်ကြီးရွယ်အိုတွေအတွက်လည်း ကျန်းမာရေး အခက်အခဲတွေ ဖြစ်လာနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

မန္တလေးမြို့ခံတစ်ဦးက “အခုဟာကတော့ အဲဒါတွေ အကုန်လုံးမျှော်လို့ မရတော့ဘူးလေ။ အပူရှောင်စခန်းတွေက၊ အဲဒီကြားထဲမှာမှ လျှပ်စစ်မီးပြတ်တာရယ်၊ နှစ်ခု သွားဆုံတာကိုး။ လောင်စာဆီဈေးတွေ တအားဈေးတက်လာတဲ့ခါကျတော့ အရင်တုန်းကဆိုရင် အစိုးရမီးက ပြတ်တယ်ဆိုရင်တောင်မှ အလှူရှင်တွေဘာတွေ အလှူခံ ဘာညာလုပ်ပြီးတော့ မီးစက်တွေ ဘာတွေနဲ့ ဝေမျှပြီးတော့ သုံးစွဲမယ်ဆိုရင်တောင် ခုချိန် လောင်စာဈေးနဲ့က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလေ။ အဲ့တော့ ဘာတွေဖြစ်လာနိုင်လဲဆိုတော့ ဒါ အခုမှ မတ်လပဲရှိသေးတယ်။ မန္တလေးရဲ့ ထုံးစံအရဆို မတ်၊ ဧပြီ၊ မေ၊ ဇွန် ဆိုတာ အပူဆုံးလတွေ လာဦးမယ်။ အပူချိန် ၄၂ တို့၊ ၄၃ တို့ ၄၀ အပေါ်မှာချည်း ဖြစ်တဲ့လတွေက ရှေ့မှာ လာဦးမှာ။ လာတဲ့ခါကျရင် လွန်ခဲ့တဲ့ လေး ငါး ဆယ်နှစ်လောက်က အပူလှိုင်းဖြတ်ပြီးတော့ လူကြီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ အခြားသောသူတွေပေါ့နော်၊ အဲဒီလို တော်တော်များများ ဆုံးပါးကြတာတွေ။ ဒီ အပူဒဏ်ကြောင့် သေဆုံးတာတွေ၊ အဲ့ဒါတွေက ပိုပြီးတော့ များလာနိုင်မယ်၊ ကလေးသူငယ်တွေ ချွေးထွက်လွန်တာတို့၊ ဘာတို့ အဲ့ဒါမျိုးတွေဖြစ်လာနိုင်မယ်။ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာကျတော့ ဘယ်လိုမှကို အခုက ဆေးရုံသွားလည်း ဆေးရုံက OPT မှာ နည်းနည်းပါးပါး ပြတာကလွဲရင် ကျန်တဲ့အပိုင်းကို ဘာမှ တာဝန်ယူနိုင်တဲ့ အစိတ်အပိုင်းမရှိဘူးလေ။ ပုဂ္ဂလိကဆေးရုံဆိုတာကလည်း လူတန်းစားတစားကပဲ တတ်နိုင်တာကိုး။ အဲ့ ခါမှာ အခက်အခဲတွေ အများကြီး ဖြစ်လာမှာပဲ" လို့ ပြောပါတယ်။

လျှပ်စစ် ပုံမှန်မရတာကြောင့် အင်တာနက်ကနေ ပညာသင်ယူနေရတဲ့ ကလေးသူငယ်တွေအတွက် အခက်အခဲဖြစ်တာ၊ လျှပ်စစ်မီးရရှိရေးအတွက် လုံးပန်းနေရတာကြောင့် အခြားအလုပ်မှာ လစ်ဟင်းတာ၊ ရာသီဥတု ပူပြင်းလာပေမယ့် ရေရှိဖို့ခက်ခဲလာတာ၊ စီးပွားရေး အကျပ်အတည်းတွေကြားက လျှပ်စစ်မီးအခက်အခဲကြောင့် ငွေပိုမိုသုံးစွဲလာရတာ၊ ညဉ့်နက်သန်းခေါင် မီးလာမှ ရေတင်ရတာတွေ ဖြစ်နေပြီး ကာလကြာရှည်လာပါက ပြည်သူတွေ ပိုမိုထိခိုက်လာတော့မယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့နယ်တချို့မှာတော့ ရေပြတ်တောက်တဲ့ ရပ်ကွက်တွေမှာ မီးသတ်ဝန်ထမ်းတွေ ရေသယ်ယူပြီး ကူညီပေးနေကြတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013