
ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ မြန်မာနိုင်ငံကို ခွင့်နဲ့ ပြန်လာပြီးနောက် ပြည်ပသို့ ပြန်လည်ထွက်ခွာတဲ့အခါ သက်ဆိုင်ရာ မြန်မာသံရုံးတွေရဲ့ ထောက်ခံချက် မဖြစ်မနေ ယူရမယ်လို့ စစ်အာဏာရှင် လက်အောက်ခံအလုပ်သမားဝန်ကြီးဌာနက ဧပြီ ၂၈ မှာ ထုတ်ပြန်ပါတယ်။
ဒါကို လိုက်နာခြင်းမရှိပါ ပြည်ပထွက်ခွာခွင့် ပိတ်ပင်တဲ့အထိ အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။
မေ ၁ ရက်ကစပြီး အသက်ဝင်မဲ့ ဒီထုတ်ပြန်ချက်အရ ခွင့်ပြန်လိုတဲ့ အလုပ်သမားတွေဟာ အလုပ်ရှင်ဆီက ခွင့်စာ (Letter of Permission for Leave) ကို ရယူရမှာဖြစ်ပြီး အဲဒီခွင့်စာကို သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး ဒါမှမဟုတ် ကောင်စစ်ဝန်ချုပ်ရုံးတွေမှာ ပြသပြီး ထောက်ခံစာ ရယူရမှာ ဖြစ်ပါတယ်။
သံရုံး မရှိတဲ့ နိုင်ငံတွေဖြစ်ပါက အနီးဆုံးနိုင်ငံရှိ မြန်မာသံရုံးတွေမှာ သွားရောက်လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ ဗီဇာ၊ Work Permit နဲ့ ခွင့်စာပါ လုပ်ငန်းခွင်ဟာ OWIC ကတ်မှာ ဖော်ပြထားတဲ့ လုပ်ငန်းခွင်နဲ့ မတူညီတော့ဘူးဆိုရင် မြန်မာနိုင်ငံရောက်ရှိချိန်မှာ OWIC ကတ်အသစ် ပြန်လည်လျှောက်ထားရမှာ ဖြစ်ပါတယ်။
သံရုံးထောက်ခံစာ တင်ပြနိုင်ခြင်း မရှိတာ ဒါမှမဟုတ် ခွင့်စာလိမ်လည်တာတွေ တွေ့ရင် ကာလ သတ်မှတ်ချက်တခုနဲ့ ပြည်ပထွက်ခွာခွင့် ပိတ်ပင်တာနဲ့ နာမည်ပျက် (Blacklist) စာရင်းသွင်းမယ်လို့ သတိပေးထားပါတယ်။










