
နိုင်ဂျီရီးယားနိုင်ငံအလယ်ပိုင်း နိုက်ဂျာပြည်နယ်မှာ တရားမဝင် သတ္တုတူးဖော်သူတွေကို ဝင်ရောက် စီးနင်း ဖမ်းဆီးခဲ့ပြီးနောက် ထိန်းသိမ်းခံထားရချိန်အတွင်း သေဆုံးသွားခဲ့တာကြောင့် သူတို့ရဲ့ ရုပ်အလောင်းတွေကို မင်းနားမြို့ ပြည်သူ့ဆေးရုံကြီး ရောဂါဆောင်တခုမှာ ခင်းကျင်းထားပါတယ်။
စက်တင်ဘာ ၁၇ ရက်မှာ ဝမ်းနည်းပူဆွေးနေကြတဲ့ ဆွေမျိုးတွေ စုဝေးရောက်ရှိနေတာကို ရိုက်တာ သတင်းထောက်တယောက်က သွားရောက်တွေ့ရှိခဲ့တာပါ။
နိုင်ဂျီရီးယား လုံခြုံရေးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSCDC) ရဲ့ ထုတ်ပြန်ချက်အရ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တုန်းက စစ်ဆင်ရေးတွေအတွင်း ဖမ်းဆီးရမိခဲ့တဲ့ အထိန်းသိမ်းခံတွေကို ကြာသပတေးနေ့ မနက် အစောပိုင်းမှာ ရောဂါကူးစက်ပျံ့နှံ့မှုကြောင့်လို့ ယူဆရတဲ့ အကြောင်းအရင်းနဲ့ သေဆုံးလျက် တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
သေဆုံးရတဲ့ အကြောင်းရင်းမှန်ကို သိရှိနိုင်ဖို့ ရုပ်အလောင်းတွေကို စစ်ဆေးဖို့ ဆေးရုံဆီ ပို့ဆောင် ထားတယ်လို့ တပ်ဖွဲ့က ပြောပါတယ်။
ဒါပေမဲ့ ဖြစ်ပွားခဲ့တဲ့ ရောဂါအမျိုးအစားနဲ့ ဖမ်းဆီးခံခဲ့ရသူ ပမာဏ ဘယ်လောက်ရှိလဲ ဆိုတာကို တော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး။
ဒေသခံတယောက်ဖြစ်သူ အီဘရာဟင် မိုဟာမက် ကတော့ သေဆုံးသွားသူတွေထဲမှာ သူ့ညီ အပါအဝင် တခြားသူတွေ ပါဝင်တယ်ဆိုတဲ့ သတင်းကို နိုးနိုးချင်း ကြားသိခဲ့ရတယ်လို့ ဆိုပါတယ်။
“သူတို့က မိသားစုအတွက် ဝမ်းစာ ရှာဖွေကျွေးမွေးဖို့ အပြင်ထွက်သွားကြတာပါ။ ခုတော့ သူတို့ သေဆုံးသွားခဲ့ရပြီ။”
ထုတ်ပြန်ချက်ထဲမှာတော့ အဲဒီသေဆုံးမှုတွေကို စုံစမ်းစစ်ဆေးဖို့ တခြားလုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး တရားမဝင် သတ္တုတူးဖော်မှုကို အရေးယူချိန်မှာလည်း လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုတွေကို အပြည့်အဝ လိုက်နာသွားမယ်လို့ အေဂျင်စီက ဆိုပါတယ်။
ထုတ်ပြန်ချက်မှာ လက်မှတ်ရေးထိုးထားတဲ့ တပ်မှူး စူဘေရူး ဆီယာကာ အာနီဗီယဲ ကတော့ အသေးစိတ် အချက်အလက်တွေကို ပိုမိုထုတ်ပြန်ထားခြင်း မရှိပါဘူး။
Source: Reuters











