
ဗင်နီဇွဲလား ယာယီအစိုးရနဲ့ အတိုက်အခံအဖွဲ့တချို့ဟာ လာမဲ့ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရဲ့ နိုင်ငံရေးစနစ်ကို ပြန်လည်ပြင်ဆင်ဖို့ ရည်ရွယ်ပြီး အမေရိကန် ကျောထောက်နောက်ခံပြု ဆွေးနွေးပွဲတွေကို ဩဂုတ် ၇ ရက် သောကြာနေ့မှာ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။
အစိုးရရုပ်သံရဲ့ ဖော်ပြချက်အရ အခုဆွေးနွေးပွဲအဆင့်မှာ အပိုင်း ၃ ပိုင်းပါတဲ့ လမ်းပြမြေပုံကို နှစ်ဖက်စလုံးက ရေးဆွဲခဲ့ကြပါတယ်။
အဲဒါတွေကတော့ လတ်တလော ဖြစ်ပွားခဲ့တဲ့ ငလျင်ကြီး ၂ ကြိမ်ရဲ့ ဘေးဒဏ်သင့် ခံခဲ့ရသူတွေကို ကူညီပေးဖို့၊ ဒီမိုကရေစီစနစ်၊ အခွင့်အရေးတွေနဲ့ နိုင်ငံရေးဆိုင်ရာ အာမခံချက်တွေကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ပေးဖို့တို့ ဖြစ်ပါတယ်။
အစိုးရကိုယ်စားလှယ်အဖွဲ့ကိုတော့ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂက်ဇ်ရဲ့ အစ်ကိုဖြစ်သူ ဟောရ်ဟဲ ရိုဒရီဂက်ဇ်က ဦးဆောင်နေတာပါ။
သူဟာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌလည်း ဖြစ်သလို အမေရိကန်၊ အတိုက်အခံတွေနဲ့ အရင်က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာလည်း အဓိက ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
အတိုက်အခံဘက်က ဦးဆောင်သူ ဒိနိုရာဖီဂီရာ ကတော့ ၂၀၁၅ ခုနှစ်က ရွေးကောက်ခံထားရတဲ့ အတိုက်အခံအများစုပါ အမျိုးသားလွှတ်တော်အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။
အဲဒီ ၂၀၁၅ လွှတ်တော်ကို အမေရိကန်က ဗင်နီဇွဲလားရဲ့ နောက်ဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံလွှတ်တော်အဖြစ် အသိအမှတ် ပြုထားဆဲ ဖြစ်ပါတယ်။
ပထမအကြိမ် ဆွေးနွေးပွဲတွေကို ဩဂုတ် ၁၂ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီး အဲဒီနောက်မှ ဆွေးနွေးပွဲတွေကို ရှေ့ဆက် မရှေ့ဆက် နှစ်ဖက်စလုံးက ဆုံးဖြတ်ကြမှာဖြစ်တယ်လို့ ၂ ဖက်စလုံးက ပြောကြားထားပါတယ်။
Source:Reuters










