DVB Logo
Home
မြန်မာသတင်း
လေယာဉ်လက်မှတ်ခများ ဈေးတက်
DVB
·
March 10, 2022
လေယာဉ်လက်မှတ်ခများ ဈေးတက်
Donate to DVB

Myanmar Airways International လေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ ခရီးစဉ်အတွက် လေယာဉ်လက်မှတ်နှုန်းထားကို အမေရိကန်ဒေါ်လာ ၁၄ ဒေါ်လာ တိုးမြှင့်လိုက်တယ်လို့ လေယာဉ်လက်မှတ် အရောင်းအေဂျင်စီတွေထံက သိရပါတယ်။
နိုင်ငံတကာ လေကြောင်းလက်မှတ် အရောင်းကိုယ်စားလှယ်တဦးက “ရန်ကုန်-စင်ကာပူ ခရီးစဉ်အတွက် MAI လေကြောင်းလိုင်းမှ လက်မှတ်တစောင်ကို ယခင်က အမေရိကန်ဒေါ်လာ ၂၈၆ ဒေါ်လာနဲ့ ရောင်းပါတယ်။ ဒါက အသွားတကြောင်းစာပေါ့နော်။ သူက အပတ်စဉ် တနင်္လာနေ့ ထွက်ပါတယ်။ ဒီလမှာတော့ ၂၁ ရက် နဲ့ ၂၈ ရက် နှစ်ရက်ပဲ ထွက်ပါမယ်။ ဒါပေမဲ့ အဲ့နှစ်ရက်လုံးအတွက် ခုံကတော့ မရှိတော့ဘူး။ ပြီးတော့လည်း ဒီနေ့ကစပြီး MAI လေကြောင်းလိုင်းက စင်ကာပူခရီးစဉ်အတွက် လေယာဉ်လက်မှတ်ခက အမေရိကန်ဒေါ်လာ ၃၀၀ ဖြစ်သွားပါပြီနော်။ ဒါကလည်း စင်ကာပူလေကြောင်းလိုင်းတွေ အကုန်လုံး ဒီနေ့ကစပြီး ဈေးတက်တာပါ။ ဒါပေမဲ့ ဘယ်လောက်တက်သွားလဲ ဆိုတာကတော့ လောလောဆယ်ဆယ် update မထွက်လာသေးလို့ မပြောနိုင်သေးဘူးပါဘူး။ အခုဈေးတက်သွားတဲ့ လေယာဉ်လက်မှတ်ခထဲမှာ ခုနကပြောတဲ့ လေယာဉ်ဆီဖိုး ဘာညာ ဒါတွေက အကုန်အပြီးအစီးပါပြီးသားပါနော်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အလားတူ Myanmar Airways International လိုင်းအနေဖြင့် ရန်ကုန်-ဘန်ကောက် ခရီးစဉ်အတွက် လေယာဉ်လက်မှတ်နှုန်းထားကိုလည်း မတ်လ ၉ ရက်ကစပြီး အရင်ကထက် အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာ ဈေးမြင့်သွားတာ တွေ့ရပါတယ်။
ပြည်ပလေယာဉ်လက်မှတ်အရောင်းတာဝန်ခံက “ရန်ကုန်-ဘန်ကောက် ခရီးစဉ်အတွက် MAI လေကြောင်းလိုင်းက မနေ့က စပြီး ဈေးတက်သွားတယ်။ သူက အရင်က ရန်ကုန်-ဘန်ကောက်ကို လေယာဉ်လက်မှတ်ခက အမေရိကန်ဒေါ်လာ ၁၆၀ ပဲရှိတယ်။ အခုတော့ အမေရိကန်ဒေါ်လာ ၁၇၅ ဖြစ်သွားပြီ။ ဒါက အသွားတကြောင်းစာပဲနော်။ သူက တပတ်ကို အင်္ဂါ၊ ကြာသပတေးနဲ့ စနေ သုံးရက်ထွက်ပါတယ်။ ဒါပေမဲ့ အပြန်မရှိဘူးနော်။ အပြန်စီးဖို့က MNA လေကြောင်းလိုင်းတော့ ရှိတယ်။ သူကတော့ အသွား၊ အပြန်အတွက် အမေရိကန်ဒေါ်လာ ၂၂၀ ရှိတယ်” လို့ ဆိုပါတယ်။
လေယာဉ်လက်မှတ်ခနှုန်းထားတွေ အခုလို ဈေးမြင့်သွားတာဟာ လေယာဉ်ဆီ လောင်စာဆီ ဈေးနှုန်းတွေတက်သွားလို့ ဖြစ်နိုင်တယ်လို့ လေကြောင်းလိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အရောင်းကိုယ်စားလှယ်တဦးက “အရင်ကထက်စာရင် ဈေးတက်သွားပါတယ်။ ဒါကလည်း သူက နေ့တိုင်းဆွဲလို့ မရတော့တဲ့ အချက်လည်း ပါတယ်လေ။ ဘာလို့လဲဆို အရင်ကတော့ လေယာဉ်တွေက နေ့တိုင်းထွက်တာကိုး။ အခုက တလမှာ ၂ ကြိမ်၊ ၃ ကြိမ် အဲ့လောက်ပဲ ထွက်ရတာ။ ပြီးတော့ ဆီဈေးတွေကလည်း တက်သွားတယ်လေ။ ဒါကြောင့် ထင်တယ်" လို့ ဆိုပါတယ်။
ရန်ကုန်-စင်ကာပူခရီးစဉ်ကို Myanmar Airways International လေကြောင်းလိုင်းနဲ့အတူ ပြေးဆွဲနေတဲ့ တခြားလေကြောင်းလိုင်းတွေကလည်း ဒီကနေ့ မတ်လ ၁၀ ရက်ကစပြီး ဈေးနှုန်းအသစ်နဲ့ ပြေးဆွဲမှာဖြစ်ပေမဲ့ တခြားလေကြောင်းလိုင်းတွေရဲ့ ဈေးနှုန်းအသစ်ကိုတော့ လက်တလောမှာ ကြေညာမထားလို့ မသိရသေးဘူးလို့ အေဂျင်စီတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013