DVB Logo
Home
မြန်မာသတင်း
ပီနန်-ရန်ကုန် တိုက်ရိုက်လေကြောင်းလိုင်း စတင်ပြေးဆွဲ
DVB
·
April 10, 2025
ပီနန်-ရန်ကုန် တိုက်ရိုက်လေကြောင်းလိုင်း စတင်ပြေးဆွဲ
Donate to DVB

မလေးရှားနိုင်ငံ၊ ပီနန်မြို့နဲ့ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အကြား မြန်မာအဲဝေးစ် အင်တာနေရှင်နယ် လေကြောင်းလိုင်း (MAI) က ဒီကနေ့ ဧပြီ ၁၀ ရက်မှာ စတင်ပြီးတော့ ခရီးစဉ်အသစ် ပြေးဆွဲသွားဖို့ ရှိနေပါတယ်။

ဒီလေကြောင်းခရီးစဉ်တွေကိုတော့ အပတ်စဉ် တနင်္လာနေ့နဲ့ ကြာသပတေးနေ့တွေမှာ ပျံသန်းပြေးဆွဲသွားမှာဖြစ်ကာ ဒါက နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ဖို့ မျှော်မှန်းထားတာလို့ မလေးရှား The Sun Daily သတင်းမှာ ဖော်ပြပါတယ်။

မလေးရှားနိုင်ငံ ခရီးသွားလာရေးနှင့် စီးပွားရေးတီထွင်ဖန်တီးမှုကော်မတီ ဥက္ကဋ္ဌ ဝေါင် ဟွန်ဝေက ပထမဆုံးလေကြောင်းခရီးစဉ်ဟာ ရန်ကုန်ကနေ ပီနန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆီ ညနေ ၆ နာရီမှာ ဆိုက်ရောက်မှာဖြစ်ပြီး နေ့ချင်းပြန်ခရီးစဉ်အဖြစ် ပြေးဆွဲသွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့အနေနဲ့ ဒီလမ်းကြောင်းသစ်ကို လအတော်ကြာ ထူထောင်ဖို့ လုပ်ဆောင်ခဲ့ရသလို ပီနန်ဆီ MAI ရဲ့ ပထမဆုံး တိုက်ရိုက်လေကြောင်းခရီးစဉ်ကို ကြိုဆိုဂုဏ်ယူပါတယ်။ ဒါက ဒေသဆိုင်ရာ အချက်အချာတခုအနေနဲ့ ပြည်နယ်ရဲ့ တိုးတက်လာတဲ့ အလားအလာအပေါ် ယုံကြည်မှုတိုးလာနေတာကို ရောင်ပြန်ဟပ်နေပါတယ်။” 

ဒါ့အပြင် သိပ်မကြာခင်က မြန်မာနိုင်ငံတွင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်အပေါ် သက်ရောက်မှု ကြီးကြီးမားမား မရှိခဲ့ပေမဲ့ ဒီအခြေအနေကြောင့် ခရီးသည်အရေအတွက်ပေါ် အကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ သူက ပြောပါတယ်။

ဒီလမ်းကြောင်းသစ်က ပီနန်နဲ့ မြန်မာနိုင်ငံအကြား ခရီးသွားလာရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွေမှာ ချိတ်ဆက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း မစ္စတာ ဝေါင်က ပြောပါတယ်။

လတ်တလောမှာတော့ MAI လေကြောင်းလိုင်းအနေနဲ့ ပီနန်အပြင် ရန်ကုန်ကနေ ကွာလာလမ်ပူကို နေ့စဉ် တိုက်ရိုက်ပျံသန်းပြေးဆွဲနေတာဖြစ်ပြီး ပီနန်ကိုလည်း ပျံသန်းမှုအကြိမ်ရေ တိုးလာနိုင်မယ်လို့လည်း ဆိုပါတယ်။

“ပီနန်ဟာ မလေးရှားရဲ့ ထိပ်တန်းဆေးဘက်ဆိုင်ရာ ခရီးသွားလာရေးနေရာတခုဖြစ်ပြီး မြန်မာနိုင်ငံက အများအပြား အပါအဝင် နိုင်ငံတကာလူနာတွေကို နှစ်စဉ် သိန်းနဲ့ချီ လက်ခံနေတာ ဖြစ်ပါတယ်။” 

ပီနန်က ပုဂ္ဂလိကဆေးရုံတွေဟာ တတ်နိုင်တဲ့ နှုန်းထားနဲ့ အရည်အသွေးမြင့် ဆေးကုသမှုတွေ ဝန်ဆောင်မှုပေးနေတာဖြစ်ပြီး မြန်မာနိုင်ငံကလည်း ဆေးဘက်ဆိုင်ရာခရီးသွားလုပ်ငန်းအတွက် အဓိကကျတဲ့ ဈေးကွက်တခု ဖြစ်လာနေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ပီနန်က အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသ မြို့ကြီး ၂၀ တို့နဲ့ တိုက်ရိုက်လေကြောင်းလိုင်းတွေ ချိတ်ဆက်ထားပြီး ရန်ကုန်ကတော့ ၂၁ ခုမြောက် ခရီးစဉ်ဖြစ်လာခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source: The Sun Daily/ MAI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013