
ဆော်ဒီအမျိုးသားလေကြောင်းလိုင်းဖြစ်တဲ့ ဆော်ဒီယာ (Saudia) နဲ့ မြန်မာနိုင်ငံက ပုဂ္ဂလိက လေကြောင်းလိုင်းတခုဖြစ်တဲ့ အမ်အေအိုင် (Myanmar Airways International - MAI) တို့ဟာ အထူးနှုန်းထား ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုးလိုက်တယ်လို့ Airways Magazine သတင်းဝက်ဘ်ဆိုက်မှာ ဇွန် ၂ ရက်က ဖော်ပြပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျက်ဒါးမြို့မှာ လက်မှတ်ရေးထိုးလိုက်တာဖြစ်ကာ ဒီသဘောတူညီချက်ကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ လေကြောင်းလိုင်း နှစ်ခုလုံးရဲ့ ပျံသန်းမှုကွန်ရက်တွေဆီကို လက်မှတ်တစောင်တည်း၊ ခရီးစဉ်တခုတည်းနဲ့ အလွယ်တကူ ဘွတ်ကင်လုပ်ပြီး ချိတ်ဆက်စီးနင်းနိုင်မဲ့ အကျိုးကျေးဇူးကို ရရှိကြမယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ရန်ကုန်အခြေစိုက် MAI လေကြောင်းလိုင်းဟာ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေကို အဓိကထားပြီး ပုံမှန်ခရီးစဉ်တွေ ပျံသန်းနေပါတယ်။
အခုလို မိတ်ဖက်အဖြစ် ပူးပေါင်းလိုက်တာကြောင့် ဆော်ဒီယာလေကြောင်းလိုင်းဟာ မြန်မာနိုင်ငံတွင်းကို ပျံသန်းမှုကွန်ရက် တိုးချဲ့နိုင်ခဲ့သလို အရှေ့တောင်အာရှဒေသတွင်း ချိတ်ဆက်မှုကိုလည်း ပိုမိုအားကောင်းလာစေတယ်လို့ ဆိုပါတယ်။
ဒါဟာ ဈေးကွက်နှစ်ခုကြား ခရီးသွားလာချင်တဲ့ ခရီးသည်တွေရဲ့ တိုးတက်လာတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်သလို ဒီသဘောတူညီချက်ဟာ ဆော်ဒီအာရေဗျနဲ့ မြန်မာနိုင်ငံကြား ခရီးသွားလာခွင့် လမ်းကြောင်းတွေကို ပိုမိုကျယ်ပြန့်လာစေမှာဖြစ်ပြီး ခရီးသည်တွေအနေနဲ့ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူနဲ့ ဒူဘိုင်း စတဲ့ ဒေသတွင်း အဓိကဗဟိုလေဆိပ်တွေကို ဖြတ်သန်းကာ ဆော်ဒီနိုင်ငံက ဂျက်ဒါး၊ ဒါမှမဟုတ် မာဒီနာမြို့တွေနဲ့ ရန်ကုန်မြို့ကြားကို ခရီးစဉ်တခုတည်းနဲ့ ချိတ်ဆက်ပျံသန်းနိုင်တော့မှာ ဖြစ်ပါတယ်။
လက်ရှိမှာ ဆော်ဒီယာလေကြောင်းလိုင်းဟာ တိုက်ကြီး ၄ တိုက်က ခရီးစဉ်ဒေသပေါင်း ၁၀၀ ကျော်ကို ပျံသန်းပြေးဆွဲနေတာဖြစ်ပြီး လမ်းကြောင်းအသစ်တွေနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှုတွေကတဆင့် သူတို့ရဲ့ကမ္ဘာလုံးဆိုင်ရာ ပျံသန်းမှုကွန်ရက်ကို ဆက်လက်တိုးချဲ့နေပါတယ်။
အခုလို ကြိုးပမ်းမှုတွေဟာ ကမ္ဘာလှည့်ခရီးသည်တွေအတွက် ခရီးသွားလာခွင့်လမ်းကြောင်းတွေကို တိုးမြှင့်ပေးရင်း၊ ကမ္ဘာကြီးကို ဆော်ဒီအာရေဗျနိုင်ငံဆီ ခေါ်ဆောင်လာရမယ်ဆိုတဲ့ ဆော်ဒီယာလေကြောင်းလိုင်းရဲ့ ရည်မှန်းချက်ကို အထောက်အကူပြုနေတာလို့ ဆိုပါတယ်။










