DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်မီးမလာသဖြင့် အထည်ချုပ်လုပ်ငန်းများ အခက်ကြုံ
DVB
·
March 9, 2022
လျှပ်စစ်မီးမလာသဖြင့် အထည်ချုပ်လုပ်ငန်းများ အခက်ကြုံ
Donate to DVB

မြန်မာနိုင်ငံတွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လျှပ်စစ်မီး မလုံလောက်မှု ပြဿနာနဲ့အတူ လောင်စာဆီဈေးနှုန်း အဆမတန်ကြီးမြင့်လာတဲ့ ဂယက်ကြောင့် အထည်ချုပ်လုပ်ငန်းတွေ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ရန်ကုန်မြို့မှာ လျှပ်စစ်မီးရရှိတဲ့အချိန်က ပုံမှန်မရှိတော့ဘဲ တချို့နေရာတွေမှာ ၄ နာရီလာပြီး ၆ နာရီကြာ ပြန်ပျက်တာမျိုး ရှိသလို တချို့လည်း နာရီပိုင်းအတွင်းသာ လျှပ်စစ်မီးရပြီး အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ကြုံတွေ့နေရပါတယ်။

ဒါကြောင့် လျှပ်စစ်မီးပြတ်တောက်မှု အချိန်ကြာမြင့်လာတဲ့ ပြဿနာနဲ့အတူ တဖက်မှာလည်း လောင်စာဆီဈေးနှုန်း ကြီးမြင့်လာတဲ့ ဂယက်က အထည်ချုပ်လုပ်ငန်းတွေ ဆက်လက် ရပ်တည်နိုင်ဖို့ အခက်အခဲများစွာ ကြုံတွေ့လာစေပါတယ်။

အထည်ချုပ်ဝန်ထမ်း ထောင်ဂဏန်းရှိတဲ့ အထည်ချုပ်လုပ်ငန်းရှင်တဦးက “တချို့လည်း ဆက်လက် မရပ်တည်နိုင်တော့လို့ ရပ်နားရတော့မယ်ဆိုတဲ့ သတင်းတွေလည်း ကြားတာကတော့ အများကြီးပေါ့။ ကိုယ်တွေ လက်တွေ့လည်း တွေ့နေ မြင်နေရတာပဲလေ။ လျှပ်စစ်ဓာတ်အားပေးတာ လျော့နည်းလာတော့ ကျနော်တို့က မီးစက်တွေသုံးဖို့အတွက် ရွေးချယ်စရာ မရှိတော့ဘူးလေ။ သုံးရတော့မှာပေါ့။ တဖက်ကလည်း လောင်စာဆီဈေးက တက်လာတဲ့အချိန် ဖြစ်နေတော့ ဒီအချိန်မှာ ကိုယ့်ဘာသာကိုယ်လည်း‌ ညည်းမနေတော့ပါဘူး။ ဘာကြောင့်လဲဆို အများနဲ့တန်းတူ ဖြစ်နေတာကိုနော်။ မဖြစ်မနေ သုံးရမယ့်ဟာကိုပဲ သုံးပြီး ချွေတာလို့ရမယ့်နေရာကို ချွေတာပြီးတော့ပဲ အသက်ဘေးကလွတ်အောင်သွားနေရတာပေါ့ဗျာ။ ကျနော်တို့က အော်ဒါတွေတော့ ရှိပါသေးတယ်။ ရှိပေမဲ့ ကျနော်တို့ဝင်ငွေဆိုတာက လုပ်သားရဲ့ လခပဲနော်။ အဲဒီပိုက်ဆံတွေကို လောင်စာဆီဖိုးနဲ့ မီးရှို့ဖို့ ဖြစ်လာတာကတော့ သိပ်အဆင်မပြေဘူးပေါ့။ ဒါကြောင့် လျှပ်စစ်မီးနဲ့ ဒီဇယ်ဆီ နှစ်ခုစလုံးက တပြိုင်နက်တည်း အခုလို ဆက်ရှိနေဦးမယ်ဆိုရင် ရှေ့ဆက်ဖို့က မလွယ်တော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

အလားတူ အထည်ချုပ်ဝန်ထမ်းဦးရေ ရာဂဏန်းရှိတဲ့ အထည်ချုပ်လုပ်ငန်းရှင်တဦးကလည်း “မီးကမမှန်တော့ ကျနော်တို့က ဒီဇယ်ကိုဝယ်ပြီး ကိုယ့်ဘာသာ စက်လည်နေရတာပေါ့နော်။ ဒီဇယ်ဈေးကလည်း အခုက ဈေးမြင့်နေတော့ အခက်အခဲတော့ ရှိတာပေါ့ဗျာ။ ဒီ့အတွက် အထည်ချုပ်အသင်းကနေ အထူးဈေးနဲ့ ရောင်းပေးဖို့ဆိုပြီး လျှောက်လွှာတွေတော့ ခေါ်နေတယ်။ ဘယ်လိုလာမလဲတော့ မသိဘူးနော်။ ကျနော်တို့လည်း လျှောက်လွှာတော့ တင်ထားပါတယ်။ ပြီးခဲ့တဲ့အပတ်ကပေါ့နော်။ လောလောဆယ်တော့ ကျနော်တို့ အပြင်ပေါက်ဈေးအတိုင်း ဝယ်ပြီးတော့ စက်တွေ လည်ပတ်နေတာပေါ့။ လျှပ်စစ်မီးကတော့ လက်ရှိမှာ တနေ့ကို ၄ နာရီကနေ ၆ နာရီအထိတော့ ရနေသေးပါတယ်။ ၁၂ ရက်ကနေ ၁၈ ရက်နေ့အထိ ပြတ်မယ်လို့ ပြောနေတာလည်း ရှိတော့ အဲဒီအခါ လျှပ်စစ်မီးကို အလှည့်ကျပေးတဲ့အခါ ကျနော်တို့ အချိန်ဘယ်လောက်ရမလဲတော့ မသိဘူး” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် ကာလက မြန်မာ့အထည်ချုပ်ကဏ္ဍမှာ အထည်ချုပ်ဝန်ထမ်းဦးရေ ၇ သိန်းလောက်ရှိပြီး အများစုက ကျေးလက်မိသားစုတွေကို ထောက်ပံ့နေတဲ့ အမျိုးသမီးငယ်တွေ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမနှစ်ဝက်အတွင်းမှာ အလုပ်အကိုင်ပေါင်း ၂ သိန်းခွဲကျော် ဆုံးရှုံးခဲ့ရပြီး အလုပ်ဆက်ရှိသူတွေထဲက ထက်ဝက်ကျော်ကလည်း အလုပ်ချိန်တွေ ဖြတ်တောက်ခံရတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ အလုပ်သမားအေဂျင်စီ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013