DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာပံ့ပိုးမှု ဘာတစ်ခုမှ မရသေးဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော
DVB
·
March 9, 2022
နိုင်ငံတကာပံ့ပိုးမှု ဘာတစ်ခုမှ မရသေးဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော
Donate to DVB

မြန်မာနဲ့ ယူကရိန်း စစ်ပွဲပုံစံမတူပေမယ့် အာဏာရှင်တွေရဲ့ လက်နက်အားကိုးနဲ့ အနိုင်ကျင့်ခြင်းခံရတာကတော့အတူတူပဲဖြစ်တဲ့အကြောင်းနဲ့ နိုင်ငံတကာကူညီပံ့ပိုးမှုအပိုင်းကတော့ အင်မတန်ကွာခြားတယ်လို့  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၄၅ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို မတ်လ ၈ ရက် မနက်က ကျင်းပရာမှာ ပြောကြားခဲ့တာလို့ NUG သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ 

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ရုရှား-ယူကရိန်းအရေးကြောင့် မြန်မာနိုင်ငံမှာ ပြည်သူတွေ နေ့စဉ် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံနေရမှုတွေ ကမ္ဘာမှာ မှေးမှိန်သွားသယောင် ထင်ရတယ်။ တကယ်တော့လည်း ကျူးကျော်စစ်နဲ့ ပြည်တွင်းစစ် ပုံစံမတူပေမဲ့ အာဏာရှင်တွေရဲ့ လက်နက်အားကိုးနဲ့ အနိုင်ကျင့်ခြင်းခံရတာကတော့ အတူတူပဲ။ သို့ပေမဲ့လည်း နိုင်ငံတကာကူညီပံ့ပိုးမှုအပိုင်းကတော့ အင်မတန်ကွာခြားတယ်။  ကျနော်တို့ နိုင်ငံရဲ့စစ်ပွဲတွေက ကိုယ့်ပြည်တွင်းမှာပဲ အချင်းချင်းဖြစ်ကြတဲ့ စစ်ပွဲတွေမို့ နိုင်ငံတကာအနေနဲ့ကြည့်ရင် ပြည်တွင်းရေး ဖြစ်နေတာကြောင့် ကျနော်တို့အနေနဲ့  အခုအချိန်အထိ နိုင်ငံတကာရဲ့ပံ့ပိုးမှု ဘာတစ်ခုမှမရသေးတဲ့အခြေအနေလို့ ပြောကြားပါတယ်” လို့ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ပွဲမှာ အိမ်နီးချင်း ဥရောပနိုင်ငံတွေသာမက နိုင်ငံတကာအသိုက်အဝန်းက ယူကရိန်းဘက်ကနေ ရပ်တည်ပြီး စစ်ရေး အပါအဝင် အကူအညီတွေ ဝိုင်းပေးနေကြတာ ဖြစ်ပါတယ်။

မြန်မာ့အရေးမှာတော့  မြန်မာပြည်သူပြည်သားတွေနဲ့ ပြည်ပရောက် မြန်မာတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ စစ်အာဏာရှင် တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်နေကြရတာဖြစ်ပါတယ်။ 

တစ်နှစ်ကျော် CDM လုပ်ပြီး ထွက်ပြေးရင်း ရုန်းကန်နေကြရတဲ့ CDM တွေက အားမလိုအားမရဖြစ်ကြတာ၊ အားလုံးကိုစွန့်လွှတ်ပြီး တောထဲစစ်ပညာတွေ သင်ရတဲ့ PDF လေးတွေလည်း လက်နက်ပံ့ပိုးမှု နည်းတာကို အပြစ်မြင်ကြတာရှိပေမဲ့ NUG အနေနဲ့ လုပ်သင့်တာတွေကို လုပ်ဆောင်နေကြောင်းနဲ့  လုပ်ဆောင်ချက်တွေကို ပြည်သူအများ သိအောင် ပြောဖို့ရန်အတွက် အကန့်အသတ်တွေရှိနေပြန်တယ်လို့  ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။

NUGအနေနဲ့ EROs တွေနဲ့ပူးပေါင်းမှုကို ဒီထက်ပိုပြီး အားကောင်းစေမယ့် အခြေအနေမျိုးရှိဖို့ ကြိုးစားကြရမှာဖြစ်ပြီး EROs အများစုရဲ့ ပူးပေါင်းပါဝင်မှု အားကောင်းလာလေလေ၊ အကြမ်းဖက်စစ်တပ် မျက်ဖြူဆိုက်လေလေဖြစ်မှာဖြစ်တယ်လို့ မန်းဝင်းခိုင်သန်းက ပြောပါတယ်။  

ယာယီသမ္မတ ဒူဝါလရှီးလကလည်း မြန်မာပြည်သူတွေနဲ့ ယူကရိန်းပြည်သူတွေ လက်ရှိ ရင်ဆိုင်နေရတဲ့ အခြေအနေတွေက ထပ်တူနီးပါးဖြစ်နေပြီး လက်နက်အားကိုး ခြယ်လှယ်နေတဲ့ အာဏာရှင်တွေကို ပြည်သူလူထုအားနဲ့ ရင်ဆိုင်တွန်းလှန်ရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုကြောင့် ဒုက္ခပေါင်းစုံကို ခါးသီးစွာနဲ့ ရင်ဆိုင်နေကြရတဲ့ အမျိုးသမီးပေါင်းများစွာကို အားပေးဂုဏ်ပြုစကား ပြောကြားလိုက်ပြီး နွေဦးတော်လှန်ရေးကနေ လက်ရှိအချိန်ထိ ခရီးဆိုက်ရောက်နေတာက အမျိုးသမီးတွေရဲ့ ရဲရင့်မှု၊ အစွမ်းသတ္တိနဲ့ စွန့်လွှတ်ပေးဆပ်ရဲတဲ့ သတ္တိတွေကြောင့်ဆိုတာနဲ့ တော်လှန်ရေးကာလအတွင်း အသက်ပေး ကျဆုံးသွားတဲ့ အမျိုးသမီးတွေကို အထူးမေတ္တာပို့ရင်း ဂုဏ်ပြုတယ်ဆိုပြီး ပြောထားပါတယ်။ 

တော်လှန်ရေးမှာ အရှိန်အဟုန်ကောင်းတဲ့ ကာလရှိသလို အရှိန်လျော့ကျတဲ့ ကာလလည်း ရှိတာမို့ အရှိန်လျော့ကျတဲ့ ကာလတွေကို အထူးဂရုစိုက်ရမှာ ဖြစ်တယ်၊ အစိုးရအဖွဲ့ဝင်တွေအနေနဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ရဲရဲရင့်ရင့်ရင်ဆိုင်နေကြတဲ့ ရဲဘော်တွေကို အထူးအားပေးကူညီရမှာဖြစ်တယ်လို့  ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

NUG အစိုးရအဖွဲ့ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ NUG အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတချို့ကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း မကြာသေးခင်က ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013