ကချင်ပြည်နယ် မိုးမောက်မြို့မှာ မတ် ၇ ရက် ညနေပိုင်းက နယ်ထိန်းရဲတပ်ဖွဲ့ဝင်တဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရကြောင်းသိရပါတယ်။
နယ်ထိန်းရဲ ကျော်ဇေယျ ဆိုသူကို အမည်မသိသေနတ်သမားက သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ညနေ ၆ နာရီလောက်မှာ သူက ဆိုင်ကယ်ရပ်ပြီးအဆင်း နောက်ကနေ ဆိုင်ကယ်နဲ့ ပစ်သွားတာ ကျည်ဆန်က နောက်စေ့မှာ မှန်သွားတယ်။ ဘယ်သူပစ်လဲဆိုတာတော့ မသိရဘူး” လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
နယ်ထိန်းရဲ သေနတ်နဲ့ပစ်သတ်ခံရတဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာကာ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ပြီး အလောင်းကို မိုးမောက်ပြည်သူ့ဆေးရုံကို သယ်ဆောင်သွားပါတယ်။
မိုးမောက်မြို့နယ်အခြေစိုက် ခမရ ၄၃၇ တပ်ရင်းအရှေ့မှာ ဖေဖော်ဝါရီ ၁၈ ရက် ညအချိန် ဆိုင်ကယ်စီးနှင်းလာသူနှစ်ဦးကို စစ်ကောင်စီက သေနတ်နဲ့ပစ်သတ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာတော့ ခမရ ၄၃၇ရှေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။