
လာမယ့် ဧပြီလကစပြီး ခရီးသွားလာတည်းခိုရာမှာ နိုင်ငံသားကတ်ကို စစ်ဆေးတော့မယ်လို့ စစ်ကောင်စီ လက်အောက်ခံ လဝကဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
ဧပြီ ၁ ရက်မနက် ၆ နာရီကစပြီး ခရီးသွားလာရာမှာ၊ တည်းခိုရာမှာ နိုင်ငံသားကတ်(မှတ်ပုံတင်) ကို ပြသစစ်ဆေးခံရတော့မယ်လို့ ဆိုပါတယ်။
လိုအပ်ချက်အရ အခုလို စစ်ဆေးတာဖြစ်ပြီး နေ့စဉ်ရက်ဆက် နိုင်ငံသားကတ်တွေ ပြုလုပ်ပေးနေ တာဖြစ်လို့ မှတ်ပုံတင် နိုင်ငံသားကတ်တွေအစား ထောက်ခံစာတွေ ပြသလို့ မရတော့ဘူးလို့လည်း ဆိုပါတယ်။
နိုင်ငံသားကတ်နဲ့ မှတ်ပုံတင်အတုတွေကိုင်ဆောင်တာ၊ အပိုကိုင်ဆောင်တာတွေကလည်း ပြစ်မှု မြောက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ လဝက က ဆိုပါတယ်။
သူတို့အနေနဲ့ ၂၀၂၁ ခုနှစ် မေ ၃ ရက်ကစလို့ ပန်းခန်းစီမံချက်နဲ့ ရုံးမှာ၊ ကွင်းဆင်းဆောင်ရွက်တာနဲ့ တချို့ လိုအပ်တဲ့ နေရာတွေမှာ အိမ်တိုင်ရာရောက် ရသင့်တဲ့ ကတ်တမျိုးမျိုးကို လုပ်ပေးနေ တယ်လို့လည်း ဆိုပါတယ်။
“မှတ်ပုံတင်တွေအများကြီးကိုင်တာက သူတို့လူတွေပဲတွေ။ ဖြိုးကိုကိုတင့်ဆန်းတုန်းကဆိုရင် မှတ်ပုံတင်တွေလည်း အများကြီးမိခဲ့တာ လူတိုင်းသိနေတာပဲ။ သာမန်လူတွေကတော့ ကိုယ်ရသင့်တဲ့ ကတ်တခုအတွက် အချိန်တွေ၊ ငွေတွေ အများကြီးပေးနေရတာတွေရှိတယ်” လို့ ရန်ကုန်ဒေသခံတယောက်က ပြောပါတယ်။