DVB Logo
Home
ဆောင်းပါး
 နွေဦးပြည်သူတို့အတွက် နွားမြက်ရင်းပင် ဆေးဖက်ဝင်
သာဇဏ်
·
June 10, 2026
 နွေဦးပြည်သူတို့အတွက် နွားမြက်ရင်းပင် ဆေးဖက်ဝင်
Donate to DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် နွားမြက်ရင်းပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

နွားမြက်ရင်းပင်ကို သိပ္ပံလို Cyperus scariosus လို့ခေါ်ပြီး Cypriol, Nutgrass နဲ့ ဟင်ဒီအမည်အားဖြင့် Nagarmotha လို့ ခေါ်ကြပါတယ်။

နွားမြက်ရင်းပင်မှာ ကာဗိုဟိုက်ဒရိတ်၊ မရှိမဖြစ်ဆီ၊ အမျှင်ဓာတ် flavonoid, terpenoid, Alpha-cyperone, Alpha-rotunol, Calcium, Camphene, Copaene, Cyperene, Cyperenone, Cyperol, Cyperolone Cyperotundone Dcopadiene, D-epoxyguaiene, C. rotunduskone, Myristic-acid, Oleanolic-acid, Oleanolic-acid-3-oneohesperidoside, Oleic-acid, P-cymol, Patchoulenone, D-fructose, D-glucose, Flavonoids, Gamma-cymene, Isocyperol, Isokobusone, Kobusone, Beta-cyperone, Beta-pinene, Beta-rotunol, Beta-selinene, Limonene, Linoleic-acid, Linolenic-acid, Magnesium, Manganese, Pectin, Polyphenols, Rotundene, Rotundenol, Rotundone, Selinatriene, Sitosterol, Stearic-acid, Sugeonol, Sugetriol စတဲ့ကျန်းမာရေး အကျိုးပြုဓာတု ဓာတ်ပေါင်းများ ပါဝင်ပါတယ်။

ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးခြင်း၊ အစာကြေခြင်း၊ အူလမ်းကြောင်း ကပ်ပါးပိုးကို ဆန့်ကျင်ခြင်း၊ ပိုးသတ်ဆေးအာနိသင်ရှိခြင်း၊ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ အသားဝါခြင်းကို ကာကွယ်ပေးခြင်း၊ နှလုံးရောဂါကို ဟန့်တားခြင်း၊ သွေးသန့်စင်ခြင်း၊ အာရုံကြောစနစ်ကို အားကောင်းစေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ ဆီးချိုရောဂါကို ဆန့်ကျင်ခြင်း၊ ဆီးရွှင်စေခြင်း၊ အနာကျက်စေခြင်း၊ အ‌ဖျားကို လျော့ချပေးခြင်း၊ အိပ်ပျော်စေခြင်း၊ အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း စတဲ့အာနိသင်များ ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ နွားမြက်ရင်းပင်ရဲ့ ဥ နဲ့ အဆီကို သုံးစွဲကြပါတယ်။

နွားမြက်ရင်းဥခြောက်အမှုန့် ကော်ဖီ ၁ ဇွန်းကို ပျားရည်နဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးခြင်းဖြင့် လေထိုးလေအောင့်ခြင်းကို လျော့နည်းစေပြီး ဝမ်းချုပ်ခြင်းနဲ့ ဝမ်းဗိုက်တင်းခြင်းတို့ကို လျှော့ချပေးတဲ့အပြင် အစာအိမ်အတွင်း အက်ဆစ်များလွန်းခြင်းကို တားဆီးပေးတာကြောင့် အစာမကြေခြင်း၊ အစာအိမ်နာ၊ အစာအိမ်ရောင်ခြင်းတို့ကို ကုသပေးပြီး အာဟာရဓာတ်တွေ စုပ်ယူမှုကို ပိုမိုကောင်းမွန်စေပါတယ်။

နွားမြက်ရင်းဥဟာ flavonoid နဲ့ အမျှင်ဓာတ် ပါဝင်တာကြောင့် သွေးတွင်းမကောင်းတဲ့ အဆီကို လျော့နည်းစေပြီး ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးခြင်းနဲ့ ရုတ်တရက် ဆာလောင်မှုဝေဒနာကို သက်သာစေကာ အလွန်အကျွံအစာစားခြင်းကို တားဆီးပေးတဲ့အတွက် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူဖြစ်စေပါကာ အဝလွန်ခြင်းကို တားဆီးပေးပါတယ်။

နွားမြက်ရင်းဥ လတ်လတ်ဆတ်ဆတ်ကို ထုထောင်းပြီး နို့အုံမှာ လိမ်းပေးခြင်းဖြင့် prolactin နဲ့ corticoid ထုတ်လုပ်မှုကို တိုးမြင့်စေတာကြောင့်  မိခင်နို့ထွက်ထွက်နှုန်းကို တိုးတက်စေပါတဲ့အပြင် နို့သီးခေါင်းနာကျင်ခြင်းကိုလည်း သက်သာစေပါတယ်။

နွားမြက်ရင်းဥဟာ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ဇီဝပိုးသတ်ဆေးနဲ့ ပန်းနာရင်ကျပ် ဆန့်ကျင်ဂုဏ်သတ္တိများ ပါဝင်တာကြောင့် သာမန်အအေးမိခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ ပန်းနာရင်ကျပ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေမှာ နွားမြက်ရင်းဥခြောက် အမှုန့် ကော်ဖီ ၁ ဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။

နွားမြက်ရင်းဥဟာ ဗိုင်းရပ်စ်/ဘက်တီးရီးယားနဲ့ မှိုသတ်ဆေး အာနိသင် ရှိတာကြောင့် အဖျားနဲ့ တုပ်ကွေးရောဂါများမှာ နွားမြက်ရင်းဥမှုန့် ကော်ဖီ ၁ ဇွန်းကို နွားနို့တစ်ခွက်ထဲမှာ ရောမွှေပြီး  တနေ့ တကြိမ် သောက်ပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး အားနည်းခြင်းနဲ့ ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးကာ နာလန်ထ မြန်စေပါတယ်။ 

ပြင်းထန်တဲ့ အကိုက်အခဲပျောက်ဆေးနဲ့ ရောင်ရမ်းမှုနာကျင်မှုကို သက်သာစေတဲ့ အာနိသင် ရှိတာကြောင့်  နွားမြက်ရင်းမှုန့်နဲ့  ဂျင်းမှုန့် ကော်ဖီ ၁ ဇွန်းစီကို  ရေနွေးနွေးနဲ့ဖျော်ကာ  တနေ့ ၂-၄ ကြိမ် လိမ်းပေးခြင်းဖြင့် အဆစ်အမြစ်ရောင်ရမ်း နာကျင်ခြင်း၊ ကြွက်သားများကျုံ့/တင်းခြင်း၊ ကြွက်သား နာကျင်ခြင်းများကို သက်သာစေပါတယ်။

နွာမြက်ရင်းဆီနဲ့ ခေါင်းကို နှိပ်နယ်ပေးခြင်းဖြင့် ဦးနှောက်ကို ပြေလျော့စေပြီး မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကို တိုးတက်စေတဲ့အပြင် serotonin ဟော်မုန်းကို ထိန်းညှိပေးကာ စိတ်မငြိမ်မသက်ဖြစ်ခြင်း၊ မအီမသာဖြစ်ခြင်း၊ လက်ဖျား ခြေဖျား အေးခြင်းတို့ကို သက်သာစေပါတယ်။

ပျို့အန်ခြင်းများမှာ နွားမြက်ရင်းဥသွေးရည် ကော်ဖီဇွန်း ၁ ဇွန်းကို ပျားရည်/ရေနွေး တို့နဲ့ သောက်ပေးနိုင်ပါတယ်။ 

လျှာအနာနဲ့ အဖုအပိမ့်များအတွက်  နွားမြက်ရင်းဥသွေးရည်ကို လျှာပွတ်ပေးနိုင်ပါတယ်။

အစားမှားခြင်း၊ မတည့်တဲ့အစာများ တွဲစားမိခြင်းကြောင့် အစာအဆိပ်သင့်ခြင်းများမှာ  နွားမြက်ရင်းဥသွေးရည် ဟင်းစားဇွန်း ၁ ဇွန်းကို ဆားအနည်းငယ် ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဆီးနီ၊ ဆီးဝါ၊ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများမှာ  နွားမြက်ရင်းဥ သွေးရည် ကော်ဖီ ၁ ဇွန်းကို ရေ ၁ ဖန်ခွက်နဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အမျိုးသား ဆီးကျိတ်ရောင်ရောဂါမှာ နွားမြက်ရင်းဥမှုန့် တခါသောက် ကော်ဖီ ၁ ဇွန်းကို  တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

နွားမြက်ရင်းဟာ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တာကြောင့် ဆီးချိုရောဂါဝေဒနာရှင်မျာ သွေးတွင်းသကြားဓာတ် အနိမ့် အမြင့်ပေါ် မူတည်ပြီး   နွားမြက်ရင်းမှုန့် တခါသောက် ကော်ဖီ ၁ ဇွန်းကို တနေ့ ၂-၄ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

သန်ကောင်/တုတ်ကောင် ရောဂါများမှာ နွားမြက်ရင်းမှုန့် တခါသောက် ကော်ဖီ ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် ၃ ရက်ခန့် သောက်ပေးနိုင်ပါတယ်။

ဝမ်းလျှောဝမ်းပျက်၊ ဝမ်းကိုက်ခြင်းများမှာ နွားမြက်ရင်းဥမှုန့် တခါသောက် ကော်ဖီ ၁ ဇွန်းကို နနွင်းမှုန့် ကော်ဖီဇွန်းဝက်ခန့် ရောစပ်ပြီး  တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

လတ်လတ်ဆတ်ဆတ် အမြစ်ကို ထုထောင်းပြီး ဒဏ်ရာများ၊ ထိခိုက်ရှနာများ၊ ပေါက်ပြဲအနာများမှာ လိမ်းကျံပေးခြင်းဖြင့် အနာကျက်မြန်စေပါတယ်။ အကျိတ်အဖုများမှာ အုံပေးထားနိုင်ပါတယ်။

အဆစ်ရောင်ခြင်းနဲ့ ဂေါက်ရောဂါအတွက် နွားမြက်ရင်းဥမှုန့်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို ဆီးဖြူသီးမှုန့်၊ နနွင်းမှုန့် ကော်ဖီဇွန်းဝက်ခန့်နဲ့ တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ 

မျိုးသမီးများ ဓမ္မတာလာစဥ် ကိုက်ခဲနာကျင်ခြင်းများအတွက် နွားမြက်ရင်းဥမှုန့် တခါသောက် ကော်ဖီ ၁ ဇွန်းကို ထန်းလျက်မှုန့် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂-ကြိမ် သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။

နွားမြက်ရင်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းကို ရောမွှေကာ ရက်ခြားပြီး မျက်နှာမှာ လိမ်းပါ။ ၂-၃ နာရီ ကြာအောင် ထားပြီးနောက် ရေအေးနဲ့ မျက်နှာသစ်ပါ။ မျက်နှာအသားအရေကို ကြည်လင်ဝင်းပစေပါတယ်။ ဝက်ခြံ၊ နှင်းခူ၊ အရည်ကြည်ဖု၊ ယားယံခြင်းတို့အတွက်လည်း လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ 

အဆီဟာ အနာနဲ့ ဒဏ်ရာများကို ကာကွယ်ပေးပြီး အနာကျက်မြန်စေပါတယ်။

နွားမြက်ရင်းဆီဟာ ရောဂါပိုးမွှားဆန့်ကျင်ဂုဏ်သတ္တိများနဲ့ ဆံပင်မွေးညင်းပေါက်တွေအတွင်း သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ကော်လာဂျင်ဖွဲ့စည်းမှုကို မြှင့်တင်ပေးတာကြောင့်  နွားမြက်ရင်းဆီ ၃-၄ စက်နဲ့ အုန်းဆီ ၁ ဇွန်းတို့ကို ရောစပ်ပြီး ဦးရေပြားကို နှံ့အောင် နှိပ်နယ်ပြီး တညလုံး ထားပါ။ နောက်တစ်နေ့မနက်မှာ ခေါင်းလျှော်ပါ။ တပတ်  ၃ကြိမ် ခန့် ပြုလုပ်ပေးခြင်းဖြင့် ဗောက်များကို ဖယ်ရှားပေးခြင်း၊ ဆံပင်ခြောက်ခြင်း၊ ဆံပင်ကျွတ်ခြင်းနဲ့ အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းကို ကာကွယ်ပေးပြီး သဘာဝဆံသားအရည်အသွေးကို မြှင့်တင်ပေးပါတယ်။

နွားမြက်ရင်းဥခြောက် အသင့်အတင့်ကို လက်ဖက်ခြောက်  ပြုလုပ်ထားတဲ့ ရေနွေးကြမ်းကို  တခါသောက် ရေနွေးကြမ်း ၁ ခွက်ကို တနေ့ ၁-၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် သွေးသန့်စင်ခြင်း၊ သွေးလှည့်ပတ်မှုစနစ်ကို ကောင်းမွန်စေခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများနဲ့ နာတာရှည် ရောဂါဖြစ်နိုင်ခြေကို လျော့ပါးစေခြင်း၊ သွေးဆုံးမီးယပ်ဝေဒနာများကို လျော့ပါးစေခြင်း၊ ကိုယ်ခံအားကောင်းမွန်စေခြင်း၊ အာရုံကြောကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ အသားအရေ ကျန်းမာရေးကို မြှင့်တင်ပေးခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိစေနိုင်ပါတယ်။

နွားမြက်ရင်းပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် ဝမ်းချုပ်စေနိုင်ပါတယ်။ နွားမြက်ရင်းပင်နဲ့ ဓာတ်မတည့်သူတွေ နွားမြက်ရင်းပင်ထွက်ပစ္စည်းတွေကို ရှောင်ကြဥ်ပါ။ 

နွေဦးပြည်သူတွေ နွားမြက်ရင်းပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013