DVB Logo
Home
နိုင်ငံရေး
နိုင်ငံသစ်များ ပေါ်ထွက်ခြင်းလော သို့မဟုတ်
DVB
·
February 24, 2022
နိုင်ငံသစ်များ ပေါ်ထွက်ခြင်းလော သို့မဟုတ်
Donate to DVB

လတ်တလော ပေါ်ထွက်လာသည့် နိုင်ငံနှစ်ခုမှာ Donetsk People's Republic နှင့် Lugansk People's Republic  တို့ ဖြစ်ကြသည်။ လက်ရှိ ယူကရိန်းနိုင်ငံနယ်နိမိတ်ထဲပါဝင်နေခဲ့သော်လည်း ရုရှားစကားပြောသူ အများစု နေထိုင်ကြရာနယ်များဖြစ်ကြသည်။ ၂၀၁၄ ခုနှစ် ရုရှားလိုလားသည့် သမ္မတကိုဖြုတ်ချသည့် ယူရိုမိုင်ဒန်တော်လှန်ရေးအပြီး ၂၀၁၄ မေလတွင် အဆိုပါ ရုရှားစကားပြော နယ်နှစ်ခုသည် လွတ်လပ်ရေးအသီးသီးကြေညာခဲ့ကြပြီး ယူကရိန်းအစိုးရအား ဖီဆန်ခဲ့ကြသည်။ ၂၀၁၄ ဧပြီမှ ယ‌နေ့အထိ ဖြစ်ပွါးခဲ့သော ယူကရိန်းအစိုးရနှင့် ပုန်ကန်သူများကြား စစ်ပွဲအတွင်း လူတသောင်းကျော်ခန့်သေဆုံးခဲ့ပြီဟု ဆိုပါသည်။ 

၂၀၂၂ ခုနှစ် ဖေဖါရီလ ၂၁ ရက်နေ့တွင် အဆိုပါ နှစ်နိုင်ငံအား ရုရှားက အသိမှတ်ပြုခဲ့ခြင်းဖြစ်သည်။ ထိုနှစ်နိုင်ငံသည် ရုရှား၏ အစောင့်ရှောက်ခံနိုင်ငံငယ်ဖြစ်သွားတော့မည်ဖြစ်သည်။ Donetsk People's Republic မှာ စတုရန်းကီလိုမီတာ ၈၉၀၂ ကျယ်ဝန်းပြီး လူဦးရေ ၂ ဒသမ ၃ သန်းခန့်ရှိသည်။ Lugansk People's Republic မှာ စတုရန်းကီလိုမီတာ ၈၃၇၇ ကျယ်ဝန်းပြီး လူဦးရေ ၁ ဒသမ ၅ သန်းခန့်ရှိသည်ဟုဆိုပါသည်။ သို့သော် လက်ရှိလွတ်လပ်ရေး ကြေညာထားသည့် ခွဲထွက်သူများထိန်းချုပ်ထားသည်မှာ ထိုဒေသနှစ်ခု၏ ၂၅% မှ ၃၀% ခန့်သာရှိသည်ကိုတွေ့ရသည်။ ထိုဒေသများက လွတ်လပ်ရေးကြေညာပြီး ၈ နှစ်အကြာ နယ်မြေတစိတ်တပိုင်းမျှသာ ထိန်းချုပ်ထားနိုင်ချိန်တွင် ရုရှားက အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်။ ထို့ပြင်ယူကရိန်းနယ်စပ်တလျောက် ရုရှားစစ်အင်အားအမြောက်အမြား ချထားပြီးချိန်တွင် ကြေညာလိုက်ခြင်းဖြစ်သည်။ 

ထိုနိုင်ငံနှစ်ခု တည်တန့်ထွက်ပေါ်လာရန်မှာ ကျန်ရှိသေးသည့်ယူကရိန်းအစိုးရ ထိန်းချုပ်ထားသော ဒေသများကိုပါ ထိန်းချုပ်နိုင်မှ ဖြစ်ပေမည်။  ရုရှားအနေနှင့် သူအသိမှတ်ပြုထားသည့် နိုင်ငံငယ်နှစ်ခု၏ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးအကြောင်းပြချက်များနှင့် သူ၏ တပ်များစေလွှတ်မည်ဖြစ်ရာ ယူကရိန်းတပ်များနှင့် မလွှဲမရှောင်သာ စစ်ပွဲဖြစ်ရပေလိမ့်မည်။ ထိုသို့‌သော အခြေအနေအောက်တွင် ရုရှားတပ်များသည် ခွဲထွက်နယ်မြေများရှိသည့် ယူကရိန်း အရှေ့ဘက်တွင်သာမက ယူကရိန်း၏ မြောက်ဘက်တလွှားရုရှားနယ်စပ်နှင့် ရုရှားမဟာမိတ် ဘယ်လာရုစ်နယ်စပ်တွင်လည်း  ရုရှားတပ်အမြောက်အမြားနေရာချထားရာ ယူကရိန်းအတွက် ဘေးကျပ်နံကျပ်အခြေအနေမျိုးဖြစ်သည်။ ထို့ပြင် ရုရှား၏ လောဘသည် ဤမျှသာလောဆိုသည်ကလည်း မှန်းဆ၍မရပေ။ ရုရှားနှင့် နယ်စပ်မျဉ်းကပ်နေသော ယူကရိန်းအား နေတိုး ( NATO ) အဖွဲ့ဝင်ဖြစ်လာမည်ကို မလိုလား သောရုရှားနှင့် ယူကရိန်းကြား ဆက်ရန် ဇာတ်လမ်းများစွာ ရှိပေဦးမည်။

အဆိုပါ နှစ်နိုင်ငံကို သမ္မတပူတင်လက်မှတ်ရေးထိုးအတည်ပြုလိုက်ပြီဖြစ်ရာ ထိုနှစ်နိုင်ငံတည်တန့်ရေးအတွက် ရုရှားတို့ ရှေ့ဆက်တိုးတော့မည်က မလွဲမသွေဖြစ်သည်။ လက်ရှိအနေအထားအရ ရုရှားတို့၏ စစ်ရေးရည်မှန်းချက်မှာ အကန့်အသတ်နှင့်ဖြစ်ပုံရသည်။ ယူကရိန်းနယ်မြေ အစိတ်အပိုင်းအချို့အား ဖဲ့ထုတ်ရေးဖြစ်ပုံရသည်။ ရုရှားတို့ အချိန်ယူရေးဆွဲပြင်ဆင်ထားသည့် သေနင်္ဂဗျူဟာခြေလှမ်းဖြစ်ပုံရသည်။ နိုင်ငံသစ် နှစ်နိုင်ငံအား အသိမှတ်ပြုလိုက်သည့် ရုရှားခြေလှမ်းကား နောက်ဆုတ်ဖွယ်မမြင်ပေ။ ၂၀၁၄ ခုနှစ်ကတည်းက ပြင်ဆင်လာသည့် ခြေလှမ်းဖြစ်သည်ဟုဆိုရမည်။ 

ထိုအခြေအနေအား ယူကရိန်းနှင့် သူ၏ အနောက်တိုင်းမဟာမိတ်တို့ မည်သို့တုံ့ပြန်မည်မှာ စိတ်ဝင်စားဖွယ်ကောင်းသည်။ ရုရှားနှင့် အမေရိကန်သာမက တရုတ်အားလည်း ချန်ထား၍မဖြစ်ပေ။ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ဗီတိုအာဏာကိုင်ထားသော နိုင်ငံကြီးများကြားဖြစ်ပွားသော ပဋိပက္ခတွင် ကုလသမဂ္ဂအခန်းမှာလည်း အားကိုးအားထားပြုလောက်ဖွယ် ရှိမည်မဟုတ်ပေ။ ထို့ပြင် အဓိက အမေရိကန်နိုင်ငံတွင်လည်း ဒီမိုကရက်သမ္မတ တက်နေသည့်ကာလဖြစ်ရာ ရီပတ်ဘလီကန် သမ္မတများလောက် "စွာ" လေ့မရှိဟု အများက ရှုမြင်ကြသည်။

ယူကရိန်းဇာတ်လမ်းကတော့ ဆက်ရန်ရှိသေးသည်။ လောလောဆယ်ထိုဖြစ်ရပ်က တွေးစရာပေါ်လာသည်မှာ ယူကရိန်းတွင်သာမက  အင်အားကြီးနိုင်ငံများ၏ ကျောထောက်နောက်ခံပြုမှုဖြင့် မြန်မာပြည်အပါ အခြားကမ္ဘာဒေသများ၌  ခေတ်သစ်နိုင်ငံငယ်များ ထပ်မံပေါ်ပေါက်လာလိမ့်လောဆိုသည်မှာ စိတ်ဝင်စားဖွယ် ပုစ္ဆာတရပ်ဖြစ်၍လာပေသည်။ အင်အားကြီးနိုင်ငံကြီးများ၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး သေနင်္ဂဗျူဟာများသည် ကမ္ဘာနယ်နိမိတ်သစ်များကို ယခင်သမိုင်းကာလများကလည်း ခွဲဝေသတ်မှတ်ခဲ့ကြဖူးသကဲ့သို့ ယခုခေတ်တွင်လည်း နိုင်ငံကြီးများ၏ ပြောင်းလဲလာသည့်အခြေအနေပေါ်မူတည်၍ အသစ်တဖန်ပြန် လည်ခွဲဝေသတ်မှတ်ကြဦးမည်လောဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်ပေသည်။ 

ကြီးကျယ်ခမ်းနားသော အင်ပါယာများပျောက်ကွယ်သွားခဲ့ပြီး အင်ပါယာအသစ်များ ပြန်လည်ပေါ်ထွန်းလာခြင်းနှင့် စစ်ပွဲများသည် လူသားတို့၏ အနီးခေတ်သမိုင်းဖြစ်ပေသည်။ သမိုင်းကား မဆုံးနိုင်သေးပေ။ 

မောင်မောင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013